ညနေခင်း အားကစားသတင်းတိုများ (၄.၁၀.၂၀၂၀)

အဲဗာတန်အသင်းအနေနဲ့ အသင်းရဲ့လူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းကို ပီအက်စ်ဂျီအသင်းဆီအငှားချမယ်လို့ သိရပါတယ်။ တနှစ်အငှားစာချုပ်နဲ့အငှားချမယ့်အနေအထားမှာ အငှားစာချုပ်ပြီးရင် ကစားသမားကို အပြီးသတ်ဝယ်ယူခွင့်ပါမယ်လို့သိရပါတယ်။ ဂျူဗင်တပ်အသင်းကနေ ပေါင်(၂၇)သန်းနဲ့ ရောက်လာပြီးချိန်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ မွိုက်စ်ကိန်းအတွက် အဲဗာတန်ရဲ့လုပ်ဆောင်ချက်က နှစ်ဦးနှစ်ဖက်အတွက် ကောင်းမွန်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ ပီအက်စ်ဂျီဟာ သူတို့အသင်းရဲ့ကွင်းလယ်အတွက် ပေါ်တိုအသင်းခေါင်းဆောင် ဒန်နီလို ပါရဲရား (၂၉)နှစ်ကို အငှားနဲ့ခေါ်ယူမယ်လို့သိရပါတယ်။ အပြီးသတ်ဝယ်ခွင့်ပါဝင်မယ့် အချက်နဲ့ ထည့်ချုပ်မယ့် သတင်းနှစ်ခုလုံးကို RMC Sports က တင်ဆက်ပေးထားပြီး၊ Goal က အတည်ပြုသတင်းအနေနဲ့ ဖော်ပြထားတဲ့အတွက် ပီအက်စ်ဂျီဟာ အငှားနှစ်ယောက်ခေါ်မှာဖြစ်ပါတယ်။

ကိုဗစ် ပေါ့စတစ်အနေနဲ့ ကစားသမားသုံးယောက်အထိတွေ့ခဲ့တဲ့ ရက်ဘူးလ် ဆဲလ်ဘတ်အသင်းဟာ အင်တာနေရှင်နယ်ပွဲကစားခွင့်ပိတ်ပင်ခံလိုက်ရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မက္ကာသီတယ် အေဗစ်နဲ့တွေဆုံကစားပြီးပြန်လာချိန်မှာ ကိုဗစ်ပိုးတွေ့ခဲ့တဲ့ ဆဲလ်ဘတ်အနေနဲ့ နောက်(၂)ပတ်အတွင်းရှိနေတဲ့ အင်တာနေရှင်နယ်ပွဲမှန်သမျှကို သွားမကစားရဘဲ ကွာရင်တိုင်းအဖြေထွက်လာပြီးမှသာ ဆက်ကစားရမယ်လို့သိရပါတယ်။

တဖက်မှာတော့ မက္ကာသီတယ် အေဗစ်ဟာ ဆဲလ်ဘတ်အသင်းနဲ့ ကစားခဲ့ချိန်မှာ ကိုဗစ်ပေါ့စတစ်တွေ့ထားလို့ (၁၁)ယောက်အထိ ကွာရင်တိုင်းဝင်နေရတဲ့အနေအထားတွေရှိခဲ့တယ်လို့သိရပါတယ်။ ရက်ဘူးလ်ဆဲလ်ဘတ်က အဆိုပါပွဲကိုကစားပြီးချိန်မှာ ပိုးတွေ့လူနာနဲ့ ဆက်စပ်ခဲ့တဲ့အနေအထားတွေကြောင့် ပိုးကူးခံရတာဖြစ်တဲ့အတွက် အင်တာနေရှင်နယ်ကို ပွဲကစားဖို့ (၂)ပတ်ရပ်နားထားလို သိရပါတယ်။

ဝီလီ ကမ်ဘွာလာ

ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပရိသတ်မထင်မှတ်ထားတဲ့ ကစားသမားတယောက်ကိုခေါ်ယူသွားဖို့ နီးစပ်နေတယ်လို့သိရပါတယ်။ RMC ကပဲ ဖော်ပြခဲ့တဲ့ သတင်းအရ ပြင်သစ်ကလပ် အက်ဖ်စီ ဆိုချောက် (Sochaux) ကနေ (၁၆)နှစ်သားနောက်ခံလူ ဝီလီ ကမ်ဘွာလာကို ယူရို (၄)သန်း + ဘောနပ်စ်တွေနဲ့ ထပ်ကမ်းလှမ်းမယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ချောင်ပိုမိုတင်ကို အလွတ်ကြေးနဲ့ခေါ်ယူဖို့ စာချုပ်တော့မယ်လို့သိရပါတယ်။ (၃၁)နှစ်အရွယ် တိုက်စစ်မှူးကို (၂)နှစ်စာချုပ်နဲ့ခေါ်ယူဖို့ ပြင်ဆင်ထားပြီး၊ ချောင်ပိုမိုတင်ရဲ့အေ့ဂျင့်ဖြစ်သူနဲ့ ဘိုင်ယန်တို့ဟာ လက်မှတ်ထိုးဖို့ပဲကျန်တော့တယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ ချောင်ပိုမိုတင်ကို အရန်အနေနဲ့ပဲ ခေါ်ယူဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar