ဘဝတလျှောက်အလွတ်ကြေးနဲ့ပဲ ပြောင်းခဲ့တဲ့တိုက်စစ်မှူးကို အလွတ်နဲ့ခေါ်မယ့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သူတို့ရဲ့ကစားသမားအသစ်ခေါ်ယူမှုအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ချောင်ပိုမိုတင်ကိုခေါ်ယူဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့တဲ့ ချောင်ပိုမိုတင်တယောက် စာချုပ်သစ်မချုပ်တော့ချိန်မှာ ပြောင်းရွှေ့ ကြေးအလွတ်နဲ့ဖြစ်ခဲ့ပါတယ်။ အသင်းတွေက ခေါ်ယူမယ့်သူမရှိဘဲ တလလောက်အထိ သတင်းသံမထွက်ခဲ့ပါဘူး။

ချောင်ပိုမိုတင်အနေနဲ့ စတုတ်စီးတီးကနေ ပီအက်စ်ဂျီကို အလွတ်ကြေးနဲ့ စာချုပ်ခဲ့သူပါ။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကနောက်ကျသွင်းဂိုးတဂိုးကြောင့် အရန်တိုက်စစ်မှူးအဖြစ်ထားခဲ့တာဟာ အဲဒီတဂိုးတည်းနဲ့တင် မှန်ကန်ခဲ့တယ်လို့ဆိုရမှာပါ။ အခုတော့ အလွတ်ကြေးကစားသမားကို ဘိုင်ယန်ဟာ အရန်လူအနေနဲ့ထားဖို့ စီစဉ်နေပြီလို့ ပြင်သစ်သတင်းစာ Telefoot ကနေ ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

” ဘိုင်ယန်ဟာ ချောင်ပိုမိုတင်ရဲ့ အေ့ဂျင့်ကို ဆက်သွယ်ခဲ့ပါတယ်။ (၃၁)နှစ်သားကို အလွတ်နဲ့ခေါ်ယူဖို့နဲ့ အင်မတန်မှနီးစပ်နေပြီး ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းဟာ ချန်ပီယံလိဂ်ဆုရှင်နဲ့စာချုပ်ဖို့ နီးစပ်နေပါပြီ ” လို့ ဖော်ပြခဲ့ပါတယ်။ ချောင်ပိုမိုတင်တစ်ယောက် အခုလို အလွတ်ကြေးနဲ့ ပြောင်းရွှေ့တာက သူ့အတွက်မဆန်းတော့ပါဘူး။ ကစားသမားဘဝတလျှောက်ဆုံး အလွတ်ကြေးနဲ့ပဲပြောင်းခဲ့သူပါ။

ကစားသမားဘဝကို ဟမ်းဘတ်မှာစတင်ကျင်လည်ခဲ့မှာ (၂၀၁၁)ခုနှစ်အရောက်မှာတော့ ဟမ်းဘတ်က လက်လွှတ်ခဲ့ပါတယ်။ အလွတ်ကြေးဖြစ်သွားတဲ့ ကစား သမားကို မိန့်ဇ်ကနေ သုံးနှစ်စာချုပ်နဲ့ခေါ်ခဲ့ပြီး၊ ဒူးဒဏ်ရာတွေနဲ့အသားမကျချိန်မှာ မိန့်ဇ်က (၂၀၁၄)အကုန်မှာလမ်းခွဲခဲ့ပါတယ်။ အလွတ်ကြေးထပ်ဖြစ်သွားချိန်မှာ ရှော်ကေးလ်က သုံးနှစ်ကို အလွတ်နဲ့ထပ်ခေါ်ခဲ့ပါတယ်။

ခြေစွမ်းအပြခဲ့ဆုံးကာလလို့ိဆိုလိုရပေမဲ့ စာချုပ်သက်တမ်းကုန်ချိန် (၂၀၁၇)မှာ စတုတ်စီးတီးကိုအလွတ်နဲ့ရောက်လာခဲ့ပြန်ပါတယ်။ သုံးနှစ်စာချုပ်ခဲ့ပေမဲ့ စတုတ်တန်းဆင်းသွားရချိန်မှာ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီး၊ အလွတ်ထပ်ဖြစ်ပြန်ခဲ့ပါတယ်။ (၂၀၁၈)မှာတော့ ပီအက်စ်ဂျီက အမှတ်မထင်ကောက်ခေါ်လိုက်ကာ ချောင်ပိုမိုတင်ကို လူသိများသွားစေခဲ့ပါတယ်။ သဘောတူထားတာက အရန်အနေနဲ့ပဲပွဲထွက်ဖို့ဖြစ်ပါတယ်။

အခု (၂၀၂၀) သြဂုတ်မှာ စာချုပ်ကုန်ချိန်မှာတော့ ဘိုင်ယန်မြူးနစ်က စာချုပ်ဖို့အင်မတန်နီးစပ်နေပြီလို့ ဖော်ပြလိုက်တာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်လမ်းကြောင်းပေါ်စချိန်ကစလို့ ပီအက်စ်ဂျီအတွက် သူရဲကောင်းဖြစ်ပြီးအချိန်အထိ အလွတ်ကြေးနဲ့ပဲဖြစ်ခဲ့တဲ့ ချောင်ပိုမိုတင်ကို အခု ဘိုင်ယန်မြူးနစ်က အလွတ်နဲ့ပဲထပ်ခေါ်မှာဖြစ်ပါတယ်။ အတော်လေးကိုမှ အလွတ်ကြေးကြိုက်တဲ့ ကစားသမားလို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar