အမှားအများဆုံးဂိုးသမားဖြစ်လာပေမဲ့ ပစ်ဖို့ဒ်ကို ဘာကြောင့်အပြစ်မတင်လဲရှင်းပြလိုက်တဲ့ အန်ဆယ်လော့တီ

ဘရိုက်တန်အသင်းရဲ့တိုက်စစ်မှူး မွာပေးတယောက် ကလဲဗက်လေဝင်ရဲ့ဦးဆောင်ဂိုးကို (၄၁)မိနစ်မှာ ချေပလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင်တဖြစ်လဲ အဲဗာတန်ရဲ့ဂိုးသမားပစ်ဖို့ဒ် မိုးပေါ်ကျလာတဲ့ဘောလုံးကိုခုန်ဖမ်းချိန်မှာ လက်နဲ့မမိဘဲ လွတ်ကျတာကို မွာပေးက အသာအယာကောက်သွင်းလိုက်တာဖြစ်ပါတယ်။ ဂိုးသမားတယောက်မမှားသင့်တဲ့အမှားမျိုးလည်းဖြစ်သလို ချေပဂိုးမှာဖြစ်သွားခဲ့တာပါ။

Error Leading to goal လို့သတ်မှတ်တဲ့ ဂိုးသမားအမှားကြောင့် ဂိုးပေးလိုက်ရတဲ့အနေအထား ဖြစ်သွားချိန်မှာ ပစ်ဖို့ဒ်ဟာ စံချိန်ဆိုးတခုရသွားခဲ့ပါတယ်။ အဲဗာတန်ကို ရောက်လာပြီး ပွဲထွက်တဲ့အချိန်ကစ ပရီးမီးယားလိဂ်မှာ အမှားကနေဂိုးပေးရမှုအများဆုံးဂိုးသမားဖြစ်လာပြီး၊ (၁၁)ဂိုးအထိဖြစ်လာခဲ့ပါတယ်။ အစဉ်လိုက်အနေနဲ့ ဗီဂိုဗစ် (၁၀)ကြိမ်၊ မာတင်ဒူဗရက်ကာ (၉)ကြိမ်၊

ဟူဂိုလိုရစ် (၈)ကြိမ်၊ ဒီဂီယာ (၇)ကြိမ်၊ ဘန့်လီနို (၇)ကြိမ်ပါ။ သြဂုတ်လ (၂၀၁၇)နောက်ပိုင်းကိုပဲရေတွက်တာဖြစ်လို့ တခြားဂိုးသမားတွေရဲ့ရှေ့ကအမှားတွေတော့ပါမှာမဟုတ်ပါဘူး။ အမှတ်ပေးဇယားထိပ်ဆုံးမှာ (၄)ပွဲဆက်နိုင်ပွဲဆက်နေပြီး၊ ဒီနှစ်ရဲ့ထိပ်တန်းတနေရာကိုခြိမ်းခြောက်မယ့် အနေအထားမှာ ပစ်ဖို့ဒ်ရဲ့လုပ်ရပ်ကပြောစရာဖြစ်ခဲ့ပေမဲ့ အန်ဆယ်လော့တီကတော့ သူ့ဂိုးသမားနဲ့ပတ်သက်လို့ ကာကွယ်ပြောကြားလိုက်ပါတယ်။

” ပစ်ဖို့ဒ် အမှားလုပ်ခဲ့တယ်လေ၊ ဒါပေမဲ့ ဘာမှမှ မဖြစ်ခဲ့ခဲ့တာ။ ကျွန်တော်တို့အခု သုံးမှတ်ပိုရနေပြီး၊ နောက်ပြီး ဒါက ပိုအရေးကြီးတဲ့အပိုင်းလေ။ အခုအချိန်က ပစ်ဖို့ဒ်အကြောင်းပြောရမယ့် အချိန်ကောင်းလည်း မဟုတ်သေးဘူး။ အကယ်လို့ သူ့အကြောင်း ကျွန်တော်တခုခုပြောစရာရှိရင်လည်း သူအင်္ဂလန်အသင်းအတွက် တာဝန်ထမ်းဆောင်ပြီးပြန်လာမှ ကျွန်တော်သူ့ကိုပြောဖြစ်ပါလိမ့်မယ်။”

အဲဗာတန်အတွက် ပြဿနာမရှိပေမဲ့ အင်္ဂလန်အတွက်တော့ ပစ်ဖို့ဒ်အတွက် ပြဿနာရှိလာပါတယ်။ ဘန်လေရဲ့လက်စွမ်းပြ နစ်ခ်ပုတ်၊ မန်ယူရဲ့လက်စွမ်းပြဟန်ဒါဆန်နဲ့ အခုလိုအမှားတွေလုပ်နေတဲ့ ဂိုးသမားဟာ အင်္ဂလန်လက်ရွေးစင်ကပြုတ်ခဲ့ရင် အန်ဆယ်လော့တီတယောက် ပထမဦးစားပေးနေရာအတွက် ပစ်ဖို့ဒ်ကို စကားပြောလာဖို့ ရှိနေပါတယ်။ ဘရိုက်တန်နဲ့ပွဲချိန်တွင်းမှာလည်း ဂိုးပေါက်တည့်တဲ့ကန်ချက်တဂိုးကို တဂိုးပေးထားရတာဖြစ်ပါတယ်။

အဲဗာတန်ရဲ့အရန်ဂိုးသမား အင်အားကလည်း မနိမ့်ပါဘူး။ ဟတ်ဒါဖီးရဲ့နံပါတ်တစ်ဂိုးသမားဖြစ်ဖူးတဲ့ ဂျိုးနက်စ် လုစ်၊ အသက် (၂၀)အရွယ် ပေါ်တူဂီဂိုးသမား ဂျေင် ဗာဂျီးနီးယားတို့က အသင့်စောင့်နေပါတယ်။ ဒါကြောင့် အဲဗာတန်ရဲ့ဂိုးပေါက်ကို ပစ်ဖို့ဒ်တယောက် ထိပ်တန်းလက်စွမ်းတွေနဲ့ ကျိန်းသေကာကွယ်ဖို့လိုနေပြီး၊ မဟုတ်ရင်တော့ အန်ဆယ်လော့တီဟာ အင်္ဂလန်ဂိုးသမားအလှည့်အပြောင်းနဲ့အတူ ပစ်ဖို့ဒ်ကိုလည်း ပြောင်းလဲသွားနိုင်နေပါတယ်။

Aung Bwa – SportsGabar