အဲဗာတန်ရဲ့လက်ရှိမှတ်တမ်းအရ ပရီးမီးယားလိဂ်ဖလားကို အမှတ်မထင်ရသွားနိုင်

ဘရိုက်တန်ကို (၄-၂)နဲ့အနိုင်ကန်ပြီးလိုက်ချိန်မှာ အဲဗာတန်ကို ရပ်တန့်မရဖြစ်လာပါတယ်။ (၄)ပွဲကစား (၄)ပွဲနိုင်၊ ရမှတ် (၁၂)မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ကလဲဗက်လေဝင်ရဲ့သွင်းဂိုးကလည်း (၄)ပွဲကစား (၆)ဂိုးနဲ့အတူ လက်ရှိအများဆုံးဖြစ်နေပြီး၊ အဲဗာတန်ရဲ့တိုက်စစ်နဲခြေစွမ်းဟာ အားရစရာအနေအထားကိုရောက်နေတာဖြစ်ပါတယ်။

တဖက်မှာတော့ ဒီအနေအထားက အဲဗာတန်ကို လွန်ခဲ့တဲ့ နှစ်(၃၀)ကို ပြန်ပြောင်းအမှတ်ရစေပါတယ်။ ရာသီအစအဖွင့်ပွဲလေးပွဲလုံးကို အနိုင်ကစားပြီး အမှတ်ပေးဇယားမှာ နံပါတ်တစ်ရဖူးတာ (၁၉၆၉-၇၀)ခုနှစ်က နောက်ဆုံးဖြစ်ပါတယ်။ ထူးထူးခြားခြားမှတ်တမ်းအနေနဲ့ အဆိုပါနှစ်ဟာ အဲဗာတန်အသင်း ဖလားရသွားတဲ့နှစ်ဖြစ်နေတဲ့အချက်က မှတ်တမ်းမှာအထင်ကရရှိနေပါတယ်။

တရာသီတည်းရာသီအစမှာ ပြိုင်ပွဲစုံကစားရသမျှကို (၇)ပွဲလုံးအနိုင်ကစားနိုင်တဲ့ မှတ်တမ်းကလည်း (၁၈၉၄-၉၅)နောက်ပိုင်းပထမဆုံးအကြိမ်ပါ။ အခုလိုမှတ်တမ်းရှိနေရတာက အဲဗာတန်ရဲ့တန်းမဆင်းဖူးတဲ့မှတ်တမ်းကြောင့်ပါပဲ။ တဖက်မှာတော့ အဲဗာတန်ကို ပံ့ပိုးနေတဲ့ ကိုလံဘီယာနိုင်ငံသားဆိုင်ရာထူးခြားမှတ်တမ်းတွေကရှိလာပါတယ်။ ရိုဒရီဂွက်နဲ့ နောက်ခံလူ မီနာကြောင့်ပါ။

ကိုလံဘီယာနိုင်ငံသားတယောက်က နိုင်ငံသားတယောက်ကို ဂိုးဖန်တီးပေးပြီး၊ ဂိုးသွင်းခဲ့တာက ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်သမိုင်းမှာ မှတ်တမ်းဝင်လာခဲ့ပါတယ်။ (မီနာကို ရိုဒရီဂွက်ကဖန်တီးပေးခဲ့တာပါ။) တဖက်မှာလည်း အဲဗာတန်တိုက်စစ်မှူး ကလဲဗက်လေဝင်ဟာ ပြီးခဲ့တဲ့ရာသီကနေ အခုအချိန်အထိ ပရီးမီးယားလိဂ်ခေါင်းတိုက်ဂိုးအများဆုံး ကစားသမားအဖြစ် (၇)ဂိုးနဲ့ရှိလာပါတယ်။

ဒီအချက်က အဲဗာတန်ဟာ အင်္ဂလန်ကစားဟန်အစစ်ကို ဆောင်ယူလာနေသလိုပါ။ နောက်ထပ်ထူးခြားချက်အနေနဲ့ အဲဗာတန်ရဲ့ရိုဒရီဂွက်၊ ရစ်ချာလီဆန်၊ ဆီဂတ်ဆန်၊ ဒစ်ဂနေး၊ အီဝိုဘီတို့ဟာ ဂိုးဖန်တီးမှုလုပ်ထားနိုင်ပြီး၊ အန်ဆယ်လော့တီရဲ့တိုက်စစ်မှာ လူစုံခြေစွမ်းပြနေပါတယ်။ နောက်ထပ်မှတ်သားဖွယ်ရာအနေအထားကတော့ ဘရိုက်တန်မှာလည်း ကိုလံဘီယာသား စတီဗင်အယ်ဇာတီပါဝင်ကစားခဲ့တဲ့အတွက်

ကိုလံဘီကစားသမားသုံးဦးပွဲစဉ်တခုတည်းတွေ့တဲ့ မှတ်တမ်အသစ်ကို အဲဗာတန်- ဘရိုက်တန်ပွဲက ဖန်တီးနိုင်ခဲ့ပါတယ်။ ရပ်တန့်မရဖြစ်နေတဲ့ အန်ဆယ်လော့တီ၊ ကဲဗက်လေဝင်၊ ရိုဒရီဂွက်၊ စံချိန်မှတ်တမ်းတွေက အဲဗာတန်ဟာ သူတို့ရဲ့ လွန်ခဲ့တဲ့ နှစ် (၅၀)က မှတ်တမ်းကို ပြန်သွားဖို့ အကောင်းဆုံးဖြစ်နေပါတယ်။ တကယ်ပဲအမှတ်မထင်ရသွားမလားနဲ့ စံချိန်တွေကို အကောင်းဆုံးဆက်လုပ်ပြမလားက စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar