မှတ်တမ်းနဲ့အကျိုးပြုမှုအရ ကမ္ဘာ့ပင်နယ်တီကန်သွင်းမှုအကောင်းဆုံး ကစားသမား(၅)ဦး

ပင်နယ်တီကန်သွင်းတာနဲ့ပတ်သက်လို့ သွင်းဂိုးအရေအတွက်တွေမရေမတွက်နိုင်အောင်ရှိကြပေမဲ့ တကယ့်အကောင်းဆုံးပင်နယ်တီကန်သွင်းသူကို ရွေးချယ်တဲ့အခါမှာ ပြဿနာရှိပါတယ်။ လက်ရှိကမ္ဘာ့အကောင်းဆုံးပင်နယ်တီကန်သွင်းသူတွေ အသင်းတိုင်းမှာရှိကြပြီး၊ မက်ဆီ၊ ရော်နယ်ဒိုတို့ဆိုရင်လည်း မှတ်တမ်းအရ ကမ္ဘာ့အကောင်းဆုံး ပင်နယ်တီကန်သွင်းသူတွေထဲပါဝင်ကြပါတယ်။

ဒီတစ်ခေါက်ဖော်ပြမယ့် ကမ္ဘာ့ပင်နယ်တီကန်သွင်းမှုအကောင်းဆုံး ကစားသမား (၅)ဦးကိုတော့ (90)Min ဝက်ဘ်ဆိုက်က ရွေးချယ်ပေးထားတာဖြစ်ပါတယ်။ ရွေးချယ်ထားရတဲ့အကြောင်းရင်းနဲ့ သူတို့အကျိုးပြုခဲ့တဲ့ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လက်ရှိအကောင်းဆုံးပင်နယ်တီကန်သွင်းသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ရွေးချယ်ခဲ့တဲ့ ကစားသမား ငါးဦးကတော့ အခုလိုပါ။

(၅)မီချယ် ပလာတီနီ- ပလာတီနီကို ပရိသတ်တွေသိကြမှာပါ။ သူ့ရဲ့ခြေစွမ်းနဲ့ နာမည်ကျော်ကြားမှုအရ ပင်နယ်တီကန်သွင်းမှုမှာ ထင်ပေါ်ခဲ့တာမျိုးမရှိပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ကစားသမားဘဝမှာ စုစုပေါင်း ပင်နယ်တီ (၂၄)လုံးကန်ခဲ့ဖူးပြီး၊ တကြိမ်မှမလွဲခဲ့တဲ့မှတ်တမ်းရှိသူပါ။ အရေအတွက်နည်းပေမဲ့ (၁၀၀)ရာခိုင်နှုန်း ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။

(၄)မာရီယို ဂိုမက်စ်- ဂိုမက်စ်တယောက် စတုဂတ်၊ ဖီအိုရင်တီးနား၊ ဝုဖ်ဘတ်၊ ဘီဆစ်တက်ခ်၊ ဘိုင်ယန်မှာ ကစားခဲ့ချိန်တုန်းက ကစားသမားဘဝပင်နယ်တီ (၁၈)လုံးအထိ ဝင်အောင်သွင်းထားခဲ့ပါတယ်။ တလုံးလွဲချော်ဖူးတဲ့မှတ်တမ်းကလွဲလို့ ဂိုမက်ရဲ့ကန်သွင်းမှုမှာ ပင်နယ်တီလွဲချော်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီအချက်က သူဟာအသင်းလိုအပ်တဲ့ သွင်းဂိုးတွေကို အမြဲရှာဖွေထားနိုင်ခဲ့တာကိုပြနေပါတယ်။

(၃)ဒါဗော ဆူကာ- (၁၉၉၈)ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရှင်အဖြစ်ဆူကာကို လူသိများပါတယ်။ သူရဲ့သွင်းဂိုးခြောက်ဂိုးနဲ့အတူ ခရိုအေးရှားတို့ တတိယအဆင့်ထိရောက်ခဲ့ပါတယ်။ (၁၆)သင်းအဆင့် ရိုးမေးနီးယားနဲ့တွေ့ချိန်မှာ သူ့ရဲ့တည်ငြိမ်တဲ့ပင်နယ်တီကြောင့် ခရိုအေးရှားတို့နောက်တဆင့်တက်ခဲ့တဲ့ မှတ်တမ်းကြောင့် ဆူကာကို ပင်နယ်တီကန်သွင်းသူတွေထဲမှာ အကောင်းဆုံးနံပါတ်သုံးအသစ်ရွေးချယ်ခဲ့ပါတယ်။

(၂)ဒေးဗစ်ဗီလာ- ဘာစီလိုနာနဲ့ စပိန်ရဲ့နံပါတ်ဝမ်းတိုက်စစ်ကစားသမား ဒေးဗစ်ဗီလာဟာ ပင်နယ်တီမှာအသင်းအတွက် ယုံကြည်ရတဲ့နေရာမှာ နံပါတ်တစ်ရှိခဲ့သူပါ။ သူ့ကစားသမားဘ၀ ပင်နယ်တီကန်သွင်းမှု (၃၃)လုံးရှိချိန်မှာ (၃၁)လုံးအထိ ပင်နယ်တီကနေဂိုးရခဲ့ပါတယ်။ ဒီမှတ်တမ်းက ဒေးဗစ်ဗီလာကို ကမ္ဘာ့ပင်နယ်တီကန်သွင်းမှုအကောင်းဆုံး နံပါတ်နှစ်အဖြစ်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။

(၁)အိုင်ဗန် ခရက်စတန်နိုဗစ်- ခရန်စတန်နိုဗစ်ကို နံပါတ်တစ်အနေနဲ့ ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းကရှင်းပါတယ်။ ကစားသမားဘ၀ (၁၉)နှစ်တာကာလအတွင်း ပင်နယ်တီတလုံးမှမလွဲခဲ့တဲ့ မှတ်တမ်းကြောင့်ပါ။ ခရက်စတန်နိုဗစ် ကစားခဲ့တဲ့နေရာက ခရိုအေရှားထိပ်သီးကလပ် စလေဗန်ဘယ်လူဗို မှာပါ။ မှတ်တမ်းအရ ဥရောပလိဂ်တွေမှာ ပင်နယ်တီတလုံးမှမလွဲခဲ့တဲ့ ကစားသမားလို့ဆိုပါတယ်။ မှတ်တမ်းအတိအကျ (၃၀)ဂိုးလို့ ဖော်ပြထားပါတယ်။

Aung Bwa – SportsGabar