နံနက်ပိုင်း အားကစားသတင်းတိုများ (၃.၁၀.၂၀၂၀)

လီဗာပူးတောင်ပံကစားသမား ဆာဒီယိုမာနေးမှာ ကိုရိုနာပေါ့စတစ်တွေ့ခဲ့လို့ တဦးတည်းသီးသန့်နေရမယ်လို့ သိရပါတယ်။ သီယာဂို အယ်ကန်တာရာပိုးတွေ့ပြီး၊ (၃)ရက်မြောက်နေ့မှာပဲ နောက်ထပ်ကစားသမားတယောက်ကိုထပ်တွေ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ သတင်းထွက်နေတဲ့အတိုင်းပဲ ဘင်ဖီကာတိုက်စစ်မှူး ကားလို့စ် ဗင်နီးရှပ်ကို တရာသီအငှားနဲ့ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ အငှားအတွက် ယူရို (၃)သန်းပေးချေခဲ့ရပြီး၊ အပြီးသတ်ဝယ်ယူချင်ရင် ယူရို (၄၅)သန်းနဲ့ခေါ်ယူခွင့်ပါ တခါတည်းပါဝင်ခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးတိုက်စစ်မှူး ဘရူစတားကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပေါင် (၂၃.၅)သန်းနဲ့အတူ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ကာ သုံးနှစ်အတွင်း အချိန်မရွေးပြန်ခေါ်ခွင့်နဲ့ ရှက်ဖီးကသာရောင်းချခဲ့ရင် (၁၅)ရာခိုင်နှုန်းအကျိုးခံစားခွင့်ကို ထည့်ချုပ်နိုင်ခဲ့ပါတယ်။

လက်စတာအသင်းကလည်း သူတို့ညှိနှိုင်းနေတဲ့ ကစားသမားဖြစ်တဲ့ ဝက်စလေဖိုဖာနာကို ကို ငါးနှစ်စာချုပ်နဲ့အတူ စိန့်အက်တီယန့်ဆီကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ အဆိုပါ (၁၉)နှစ်သားအတွက် ပြောင်းရွှေ့ကြေးကိုတော့ တရားဝင်မဖော်ပြခဲ့တဲ့အတွက် ညှိနှိုင်းကြေးဖြစ်ဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပါရဲရားကို လာဇီယိုဆီ တနှစ်အငှားနဲ့တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်ကြောင့် နေရာမပေးနိုင်တော့တဲ့အပေါ် အခုလို အငှားချဖို့စီစဉ်ခဲ့တာလို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပြီး၊ ပုံမှန်ပွဲထွက်ခွင့်ရအောင်အတွက်လို့ ဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီနဲ့ အန်ဂါးတို့ ကစားခဲ့တဲ့ ပွဲစဉ်က (၆-၁)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ နေမာခြေစွမ်းပြ တဦးတည်းနှစ်ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှုတကြိမ်လုပ်နိုင်ခဲ့ပါတယ်။ ပွဲပယ်ပြစ်ဒဏ်အပြီး ပထမဆုံးပါဝင်ကစားခဲ့တဲ့ပွဲမှာပဲ အသင်းအတွက်ဂိုးပြတ်နိုင်ပွဲကို ခြေစွမ်းပြကစားပေးခဲ့တာပဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချဲလ်ဆီးတောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့သိရပါတယ်။ အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ချဲလ်ဆီးရဲ့လက်မလွှတ်တဲ့အနေအထားကြောင့် အငှားဖက်ကို ပြန်စဉ်းစားလာတာဖြစ်ပြီး၊ သဘောတူညီမှုရဖို့မျှော်လင့်နေပါတယ်။

Aung Bwa – SportsGabar