ချန်ပီယံလိဂ်မဲခွဲရလဒ်အပြီးမှာ ပရိသတ်တွေကို ကျေနပ်စေမယ့် အကြောင်းအရာ(၂)ခု

ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် မဲခွဲတာတွေပြီးဆုံးသွားခဲ့ပါပြီ။ မရဏအုပ်စုနဲ့ အုပ်စုအချောင်တွေ အသီးသီးထွက်ပေါ်လာခဲ့ချိန်မှာ ပရိသတ်တွေစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်လာမယ့် အုပ်စုတစ်ခုက ပါလာခဲ့ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေရဲ့ ပွဲပြီးဆုံးဖြတ်ချက်တွေကြောင့် ပရိသတ်တွေအကြား ကျေနပ်စရာဖြစ်လာပြီး၊ လာမယ့်ချန်ပီယံလိဂ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ အနေအထားရှိလာပါတယ်။

ပထမအချက်အနေနဲ့ မဲခွဲရလဒ်ကြောင့် ထွက်ပေါ်လာတဲ့ အုပ်စု (G) ပါ။ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ဒိုနမိုကိဗ်နဲ့ ဖာရန့်စ်ဗာရို့စ်တို့က တစ်အုပ်စုတည်း ကျရောက်လာပါတယ်။ ဘာစီလိုနာအသင်းမှာ တနှစ်ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ မက်ဆီကြောင့် အဆိုပါအုပ်စုမှာ ဂျူဗင်တပ်စတား ရော်နယ်ဒိုနဲ့ ပြန်တွေ့ဖို့ဖြစ်လာပါပြီ။ (၂) ပွဲတိတိတွေ့ဆုံမယ့် အနေအထားက ပရိသတ်တွေအတွက် အကောင်းဆုံးပွဲစဉ်အဖြစ်ရှိလာမှာပါ။

အုပ်စုအဆင့်ကနေ နှစ်သင်းလုံး ပ-ဒုနဲ့တက်ဖို့ အခြေအနေကောင်းနေတဲ့အတွက် ကြားထဲမှာထပ်တွေ့ဦးမလားကတော့ စိတ်ဝင်စားစရာပါပဲ။ တဖက်မှာတော့ အခုလို အုပ်စုတွေဖြစ်လာချိန်မှာ ယူအီးအက်ဖ်အေက ချိန်သားကိုက်ဆိုသလို ထပ်ပြီးဖန်တီးပေးလိုက်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပရိသတ်တွေကို ကျိန်းသေပြန်ဝင်ခွင့်ပေးမယ်လို့ တရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီးလားတို့ စူပါကပ်အဖြစ်ဗိုလ်လုချိန်မှာ ကနဦးအနေနဲ့ ပရိသတ် (၁၅၀၀၀)ကို လက်ခံခဲ့ပါတယ်။ ဥရောပပွဲစဉ်ကြီးတခုကို အောင်မြင်အောင် ပရိသတ်ထည့်နိုင်ခဲ့ပြီးချိန်မှာတော့ ကိုဗစ်(၁၉)ကိစ္စရပ်တွေနဲ့အတူ ပရိသတ်ဝင်ဖို့ ပြန်စီစဉ်တာကို လုပ်ဆောင်နိုင်နေပြီလို့ပြသခဲ့တာပါ။ ဒါကြောင့် အိမ်ကွင်းအဖြစ်ဥရောပပွဲတွေကစားရမယ့် အသင်းတွေက ကွင်းထဲမှာ ပရိသတ် (၃၀)ရာခိုင်နှုန်းကို ပြန်လက်ခံနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဒေသဆိုင်ရာ ဥပဒေတွေက ခွင့်မပြုတဲ့ နိုင်ငံတွေမှာတော့ ဒီကြေညာချက်က အကျုံးဝင်မှာမဟုတ်ပါဘူး။ အဝေးကွင်းပရိသတ်ကိုလက်မခံတဲ့အတွက် ကလပ်တွေဟာ အဝေးကွင်းကို ပရိသတ်လုံးဝမပါဘဲကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အတွက်တော့ ပရိသတ်တွေဝင်ခွင့်မရသေးတဲ့အပေါ် အားနည်းချက်ဖြစ်လာနိုင်ပါတယ်။ အချိန်မီပရိသတ်တွေကို ပြန်ဝင်ခွင့်ပေးမလားကတော့ ကျိန်းသေစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

Aung Bwa – Sports_Gabar