အသင်းရဲ့ ကစားသမားသုံးယောက်ကို ကမ်းလှမ်းမှုရထားတာကြောင့် အကုန်လုံးရောင်းချသွားမယ့် လီဗာပူး

လီဗာပူးအသင်းရဲ့ ကစားသမားသုံးယောက်ကို အပြောင်းအရွှေ့မပိတ်ခင်မှာ ခေါ်ယူဖို့ ကလပ်တွေက တရားဝင်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ Goal သတင်းဌာနက ဖော်ပြချက်မှာ ဘရူစတား၊ ဟယ်ရီဝီလ်ဆင်နဲ့ မာကိုဂရူဂျစ်သုံးဦးလုံးကို ကလပ်တွေအသီးသီးက ကမ်းလှမ်းလိုက်ပြီး၊ လီဗာပူးဟာ သူတို့ရဲ့လူငယ်တွေကို ရောင်းချဖို့ တနင်္လာနေ့အမီပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အသင်းရဲ့ လူငယ်တိုက်စစ်မှူးလည်းဖြစ် အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ အသက် (၂၀)အရွယ် ဘရူးစတားကို ရှက်ဖီးယူနိုက်တက်က ကမ်းလှမ်းလိုက်ပါတယ်။ (၂၀၂၃)အထိရှိနေတဲ့ ကစားသမားအတွက် အပြီးသတ်ခေါ်ယူဖို့ တခါတည်းကမ်းလှမ်းမယ့် ရှက်ဖီးဟာ လီဗာပူးနဲ့ ပြောင်းရွှေ့ကြေးညှိနေပြီလို့ သတင်းဌာနက ဖော်ပြထားတဲ့အတွက် ကလော့ဟာထွက်ခွာခွင့်ပေးသွားဖို့ရှိနေပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကိုအငှားချခဲ့တဲ့ ဟယ်ရီဝီလ်ဆင်အတွက် ဘန်လေက (၁၂)သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ကွင်းလယ်မှာလူကောင်းတွေများနေတဲ့ လီဗာပူးဟာ ဝီလ်ဆင်ကို လွယ်လွယ်ကူကူပဲလက်လွှတ်တော့မှာပါ။ အဆိုပါ (၂၃)နှစ်သားကို တခြားကမ်းလှမ်းမယ့် အသင်းတွေလည်းရှိနေပေမဲ့ ဘန်လေဟာ လက်ဦးမှုရသွားဖို့ရှိနေပါတယ်။

တဖက်မှာတော့ မိုချင်ဂလာဘတ်အသင်းက ဂရူဂျစ်ကို ကမ်းလှမ်းမယ်လို့ သိရပါတယ်။ ဟာသာဘာလင်ကို အငှားနှစ်နှစ်ထွက်ကစားထားတဲ့အပြင် ဂျာမန်မြေနဲ့ ရင်းနှီးနေပြီးသား ကစားသမားကို ဟာသာဘာလင်က ကမ်းလှမ်းဖို့မလုပ်ထားပေမဲ့ မိုချင်ဂလာဘတ်က ကစားသမားအတွက် ကြေးသတ်မှတ်ပေးဖို့ တောင်းဆိုထားပါပြီ။ ဒီကစားသမားသုံးဦးလုံးကို လီဗာပူးနဲ့ ကလော့ဟာ တနင်္လာနေ့အမီရောင်းထုတ်သွားမှာပါ။

ရှက်ဖီးနဲ့ ဘရူးစတားအတွက်တော့ ပေါင်သန်း (၂၀)ဝန်းကျင်အထိဆွေးနွေးနေပေမဲ့ အပိုထပ်ဆောင်းကြေးညှိနေဆဲကြောင့် ကြန့်ကြာနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအနေအထားတွေကြောင့် လီဗာပူး ကစားသမား သုံးယောက် တပြိုင်တည်း အရောင်းထွက်တာကို မြင်နေရဖို့ရှိနေပါတယ်။ အပြောင်းအရွှေ့ဟာ အောက်တိုဘာလ (၅)ရက်နေ့မှာ တရားဝင်ပိတ်မှာဖြစ်ပါတယ်။

Aung Bwa – SportsGabar