ဘိုင်ယန်မြူးနစ်စူပါဖလားဗိုလ်လုပွဲမှာ တရားဝင်အနားယူသွားတဲ့ ပထမဆုံးအမျိုးသမီးဒိုင်လူကြီး ဘီဘီယာနာ စတိန်းဟော့စ်

စူပါဖလားပွဲအဖြစ်ကစားခဲ့တဲ့ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ရဲ့ ပွဲစဉ်က (၃-၂)နဲ့ ပြီးဆုံးခဲ့ပါတယ်။ ပထမပိုင်းကတည်းက (၂-၁)နဲ့ ဦးဆောင်ထားခဲ့တာကို ဒေါ့မွန်ရဲ့ ချေပဂိုးကြောင့် ရင်ခုန်ခဲ့ရပေမဲ့ နောက်ဆုံးမှာ ကင်မစ်ချ်ရဲ့ အနိုင်ဂိုးကြောင့် ဘိုင်ယန်တို့အနိုင်ရခဲ့ပါတယ်။ ပွဲချိန်အတွင်း အကြိတ်အနယ်ရှိခဲ့တဲ့ ဖျော်ဖြေမှုတွေမှာ ထူးဆန်းတဲ့ အရာတခုကလည်း ကွင်းအတွင်းရှိနေခဲ့ပါတယ်။

ပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးက အမျိုးသမီးဖြစ်နေတာကြောင့်ပါ။ ဘီဘီယာနာ စတိန်းဟော့စ်တာဝန်ယူတဲ့ပွဲစဉ်တပွဲဖြစ်ပြီး၊ ထူးခြားချက်က နောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။ (၃-၂)နဲ့ ပြီးဆုံးသားတဲ့ အခုပွဲစဉ်ကို စတိန်းဟော့စ်တယောက် နောက်ဆုံးပွဲအနေနဲ့ ကိုင်တွယ်အပြီးမှာ တာဝန်ရှိသူတွေက အခမ်းအနားနဲ့အ
တူ နှုတ်ဆက်ပေးခဲ့ပါတယ်။

စတိန်းဟော့စ်ဟာ ဘွန်ဒက်လီဂါ ပွဲစဉ်ပေါင်း (၂၃)ပွဲတိတိကို တရားဝင် ဒိုင်လူကြီးအနေနဲ့ အမျိုးသားပွဲစဉ်တွေကို တာဝန်ယူပေးခဲ့တဲ့သူပါ။ (၂၀၁၇)ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ပွဲစဉ်ကို ကိုင်တွယ်ခဲ့ပြီး၊ နောက်ပိုင်းမှာ တရားဝင်အမျိုးသမီးဒိုင်လူကြီးအဖြစ်သတ်မှတ်ခဲ့ပါတယ်။ မတူတာက ဥရောပထိပ်သီးလိဂ်ငါးခုလုံးရဲ့ အမျိုးသားပွဲစဉ်တွေကို ကိုင်တွယ်မယ့် ပထမဆုံးသူဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ အရေးပါတဲ့ပွဲစဉ်တွေနဲ့ ဘွန်ဒက်လီဂါရဲ့ပွဲစဉ်တွေကို တာဝန်ယူခဲ့ရပြီး ဘောလုံးလောကကို တခေတ်ဆန်းစေခဲ့ပါတယ်။ သူ့ရဲ့ သုံးနှစ်တာကာလအတွင်းမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အနာဂတ်မှာ အမျိုးသမီးဒိုင်တွေကို ပွဲထွက်လာဖို့ လမ်းစဖြစ်ခဲ့ပါပြီ။ ဖီဖာက ထိပ်တန်းအဆင့်ရှိသတ်မှတ်ပေးထားတဲ့ အနည်းစုဒိုင်တွေထဲက အမျိုးသမီးလည်းဖြစ်ပါတယ်။

အနားယူချိန်မှာ (၄၁)နှစ်ရှိပဲရှိသေးတဲ့အတွက် ငယ်သေးတယ်လို့ ဆိုရမှာပါ။ ဟောင်းဝပ်ဝက်ဘ်လို နည်းပြမျိုးတွေနဲ့ ဖီဖာရဲ့အရေးကြီးပွဲတွေကို အတူတူကိုင်တွယ်ဖူးတဲ့ စတိန်းဟော့စ်ကြောင့် အခုလိုဗိုလ်လုပွဲတွေကို တာဝန်ယူနိုင်တာလည်းဖြစ်ပါတယ်။ တဖက်မှာတော့အနိုင်ရသွားတဲ့ ဘိုင်ယန်မြူးနစ်အနေနဲ့ တနှစ်တည်းကို ဖလား(၅)လုံးအထိ သိမ်းပိုက်လာပြီဖြစ်ပြီး၊ နည်းပြဟန်စီဖလစ်ဟာ စတာဝန်ယူတဲ့နှစ်မှာပဲရတဲ့ အထူးခြားဆုံးမှတ်တမ်းကိုပိုင်ဆိုင်ခဲ့ပြီလို့သိရပါတယ်။

Aung Bwa – SportsGabar