ဘာစီလိုနာကနေ ဆီမီဒိုကိုခေါ်ယူလိုက်ပြီဖြစ်တဲ့ ဝုဗ်

ပေါ်တူဂီသားတွေကို ဦးစားပေးခေါ်ယူတည်ဆောက်နေတဲ့ ပရီးမီးယားလိဂ်ကလပ် ဝုဗ်ဗာဟမ်တန်အသင်းအနေနဲ့ သတင်းထွက်နေတဲ့အတိုင်း ဘာစီလိုနာ ညနောက်ခံလူကိုခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အံ့အားသင့်ဖွယ်ရာခေါ်ယူမှုဖြစ်ပြီး၊ ပရီးမီးယားလိဂ်ကလပ်ဟာ ပေါ်တူဂီသားအတွက် ပေါင်(၃၇)သန်းအထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

မက်ဒိုဟာတီလစ်လပ်သွားတဲ့ နေရာကို အစားထိုးနိုင်ဖို့ ဈေးကွက်မပိတ်ခင် အလျင်အမြန်ရှာနေတဲ့ ဝုဗ်ဟာ ဘာစီလိုနာမှာ အဆင်မပြေဖြစ်နေတဲ့ ဆီမီဒိုကို စတင်ချဉ်းကပ်ခဲ့ပါတယ်။ အပြောင်းအရွှေ့အတွက် ငွေလိုနေတဲ့ ဘာစီလိုနာဟာ ကနဦးကမ်းလှမ်းချက် ပေါင်သန်း (၂၀)ကိုပယ်ချခဲ့ပြီး၊ သန်း (၄၀)ရမှသာ ကစားသမားကိုရောင်းချမယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဈေးနှုန်းတခုကို အတင်အချညှိနှိုင်းပြီးချိန်မှာတော့ ပေါင် (၃၇)သန်းနဲ့ သဘောတူသွားခဲ့ပြီး၊ ပြိုင်ဘက်အသင်းတွေကြား အံ့အားသင့်ဖွယ်ရာ ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ အခုလိုခေါ်နိုင်ခဲ့တဲ့အပေါ် ဥက္ကဌက ဂျက်ရှီက ” ကမ္ဘာ့အဆင့်ကလပ်တခုကနေ ကမ္ဘာ့အဆင့်ကစားသမားကို စာချုပ်နိုင်တယ်ဆိုတာမျိုးက ကျွန်တော်တို့မှာ အခွင့်အရေးက မကြာခဏရှိနေတတ်တာမျိုးမဟုတ်ပါဘူး” လို့ဝင့်ကြားခဲ့ပါတယ်။

ဆီမီဒိုဟာ အသက် (၂၆)ပဲရှိသေးတဲ့ ဘာစီလိုနာကစားသမားဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အတွက် (၁၃)ပွဲတိတိ ပါဝင်ကစားထားပြီး၊ ဘာစီလိုနာအတွက်ပွဲပေါင်း (၁၂၄)ပွဲအထိ ကစားထားသူပါ။ ဘာစီလိုနာနဲ့အတူဖလား (၅)လုံးအထိအရယူထားကာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်က ထွက်ခွာရမှုနဲ့အတူ နည်းပြသစ်ကိုးမန်းလက်ထက်မှာ အသင်းကရောင်းချဖို့ဖြစ်လာခဲ့ပါတယ်။

ကလပ်စံချိန်တင်ကြေးတွေသုံးထားတဲ့ ဝုဗ်နဲ့ချိတ်ဆက်မိချိန်မှာတော့ သတင်းထွက်ပြီးမကြာခင်မှာဘဲ ခေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆီမီဒိုအနေနဲ့ နည်းပြ နူနိုဆန်တိုနဲ့ ပေါ်တူဂီနိုင်ငံသားဖြစ်နေတဲ့အချက်က နားလည်မှုတွေပိုကောင်းလာဖို့ရှိနေပြီး၊ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ရှိနေပါတယ်။ ဝုဗ်ဟာ ဆီမီဒိုမတိုင်ခင်မှာ ဖာဘီယိုဆေးလ်ဗားနဲ့ ဟိုဗာကိုခေါ်ယူထားပြီဖြစ်ပါတယ်။

Aung Bwa – SportsGabar