နံနက်ပိုင်း အားကစားသတင်းတိုများ (၂၃.၉.၂၀၂၀)

ကာရာဘောင်ဖလားပွဲစဉ်ဖြစ်တဲ့ လူတန်တောင်းနဲ့ ယူနိုက်တက်တို့ရဲ့ ယှဉ်ပြိုင်မှုမှာ (ဝ-၃)နဲ့အတူ ယူနိုက်တက်တို့ အနိုင်ရခဲ့ပါတယ်။ ဂိုးသမား ဟန်ဒါဆန်ပွဲထွက်ကစားခဲ့ပြီး မယုံနိုင်လောက်စရာလက်စွမ်းကိုပြသွားချိန်မှာ ဒီဂီယာနဲ့အပြိုင်နေရာလုဖို့ရှိနေတာကို အချက်ပေးလိုက်ပါတယ်။

ဂျူဗင်တပ်ဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ မိုရာတာကို တနှစ်အငှားစာချုပ်နဲ့ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ အက်သလက်တီကိုကနေ နောက်ထပ်တနှစ်အငှားခေါ်ခွင့်နဲ့ လိုအပ်ရင်အပြီးသတ်ခေါ်ခွင့်ကိုပါ ထည့်ချုပ်ထားပြီး၊ ပြောင်းရွှေ့ကြေးကိုတော့ ဂျူဗင်တပ်ဖက်က သဘောတူထားတဲ့အတိုင်းလို့သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လူးဝစ်ဆွာရက်ကို အက်သလက်တီကို မက်ဒရစ်အသင်းဆီအပြီးသတ်ရောင်းချုဖို့ သဘောတူခဲ့ပြီလို့သိရပါတယ်။ အလွတ်ပြောင်းကြေးနဲ့ပဲဖြစ်ပြီး၊ လာလီဂါ (သို့) ချန်ပီယံလိဂ်ရမှသာ ကစားသမားအတွက် ယူရို (၄)သန်းပေးချေရမယ့် သဘောတူညီချက်နဲ့ ခွင့်ပြုထားပါတယ်။

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်နဲ့ ကစားသမားနှစ်ယောက်ဟာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ အသင်းကအတည်ပြုခဲ့ပါတယ်။ အခုလိုကူးစက်ခံထားရပေမဲ့ ကလပ်ဟာ ကစားစရာရှိနေတဲ့ ပွဲတွေကို ဆက်ကစားမှာဖြစ်ပြီး၊ ကူးစက်ခံထားရသူတွေကိုပဲ သီးသန့်နေစေမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့တောင်ပံကစားသမား ဒမ်ဘီလီကို ယူနိုက်တက်အသင်းဟာ အံ့အားသင့်ဖွယ်စိတ်ဝင်စားနေပါတယ်။ ကစားသမားကိုအငှားနဲ့အရင်ခေါ်ယူဖို့ ချဉ်းကပ်နေပြီး၊ အဆင်ပြေတာနဲ့အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။

Aung Bwa – SportsGabar