ဆုကြေးတွေလက်လွှတ်လိုက်တဲ့ ကစားသမားတွေကြောင့် ယူရို (၂၅)သန်းရသွားတဲ့ ရီးရဲလ်

ဆာဂျီယိုရာမို့စ်ဦးဆောင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းသားတွေဟာ ကလပ်အတွက် လေးစားဖွယ်ရာဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ်။ ဖလားရခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့်ရမယ့် ဆုကြေးငွေတွေကို အသင်း အခက်အခဲဖြစ်နေချိန်မှာ အပိုဝင်ငွေပြန်ရဖို့အနေနဲ့ ဆုံးဖြတ်ပေးလိုက်တာဖြစ်ပြီး၊ ရီးရဲလ်မက်ဒရစ်ဟာ စုစုပေါင်း ယူရို (၂၅)သန်းအသားတင်ရခဲ့ပြီလို့ COPE ကဖော်ပြလိုက်ပါတယ်။

သတင်းရဲ့ဖော်ပြချက်အရ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ ပထမတန်းအသင်းက ကစားသမား (၂၅)ဦးဟာ ဆုကြေးတွေရမယ့်အစီအစဉ်ရှိနေပါတယ်။ လာလီဂါဖလားရခဲ့တာနဲ့ စူပါကပ်ရခဲ့တာကြောင့် စုစုပေါင်း ယူရို (၇)သိန်းနဲ့ ယူရို (၃)သိန်း ဘောနပ်ရမှာပါ။ စုစုပေါင်း ယူရို (၁)သန်းကို ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားတွေကို ပေးရမှာဖြစ်ပါတယ်။

ကလပ်ရဲ့ပြီးခဲ့တဲ့နှစ်အသင်းကြီးစာရင်းမှာ ကစားသမား (၂၅)ဦးအထိ စာရင်းရှိတဲ့အတွက် ကစားသမားတွေအားလုံးကိုယ်စား ယူရို (၂၅)သန်းပေးရမှာပါ။ အသင်းခေါင်းဆောင်ရဲ့ ကလပ်ကိုပြန်ကူညီဖို့ တိုက်တွန်းချက်အပြီးမှာ ကစားသမားတွေအားလုံးဟာ ကိုယ်စီပဲ ပြန်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ကိုဗစ်ကာလခက်ခဲခဲ့တဲ့ကလပ်ကို ပိုက်ဆံထွက်လာစေဖို့ ကူညီခဲ့ပါတယ်။

အခုလိုကူညီတာက ကစားသမားတွေဟာ ဧပြီလကတည်းကပါ။ လစာရဲ့ (၁၀-၂၀)နဲ့ ရာခိုင်နှုန်းကို အသီးသီးလျှော့ယူပြီး ကလပ်ရဲ့ဘဏ္ဍာငွေကို ထောက်ပံ့ထားပြီးသားဖြစ်သလို အသင်းရဲ့ဝန်ထမ်းတွေအတွက် လစာရဖို့အထောက်အကူအများကြီးဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ပမာဏအထိ ပြန်ရခဲ့လဲမသိပေမဲ့ ဧပြီလကတည်းက အခုလို လျှော့ယူခဲ့တာက နောက်နှစ်အထိပါ အထောက်အကူပြုခဲ့တယ်ဆိုပါတယ်။

(၂၀၂၀-၂၁)ရာသီ ကစားသမားတွေကို ပေးချေမယ့်လစာရဲ့ (၃၀)ရာခိုင်နှုန်းအထိ ကလပ်ကို ပြန်ထောက်ပံ့နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလည်း ယူရို (၂၅)သန်းအထိ ကလပ်အတွက်ပြန်ရှာပေးထားနိုင်တဲ့အပေါ် ရီးရဲလ်အသင်းသားတွေဟာ လိုအပ်လာရင်ပေးဆပ်မှုရှိတာကိုပြနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာလက်မှတ်လည်းမရောင်းရသေးတဲ့အတွက် ရီးရဲလ်ဟာ အပြောင်းအရွှေ့မှာ ငွေမသုံးဘဲလက်ကျန်ကစားသမားတွေနဲ့ပဲဆက်သွားဖို့ပဲ ဦးတည်နေပါတယ်။

Aung Bwa – SportsGabar