ပါးတေးအပြောင်းအရွှေ့ဖြစ်ဖို့ အက်သလက်ရဲ့ လူခေါ်မှု မအောင်မြင်ဖို့စောင့်ကြည့်ရမယ့် အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ကွင်းလယ်အဖျက်ကစားသမား လူးကပ်တော်ရဲရားကို အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်ပါတေးအတွက် ထည့်သွင်းကမ်းလှမ်းထားပြီလို့ Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အာတီတာတယောက် သူ့ရဲ့နောက်ဆုံးပစ်မှတ်ကွင်းလယ် ကစားသမား နှစ်ယောက်ကို အရယူဖို့ချိတ်ဆက်နေတဲဖြစ်ပြီး၊ သောမတ်ပါတေးအတွက် အခုလို ကမ်းလှမ်းခဲ့ပြီဆိုပါတယ်။

ပါတေးအတွက် အာဆင်နယ်ဟာ တော်ရဲရား+ငွေသားလိုက် ပါဝင်တဲ့ ကမ်းလှမ်းမှုတခုကိုလုပ်ခဲ့ပါတယ်။ တော်ရဲရားကို စီးရီးအေကလပ် တိုရီနိုဆီ တနှစ်အငှားချပြီး၊ အပြီးသတ်ဝယ်ယူခွင့်နဲ့ ကနဦးက စီစဉ်ထားပေမဲ့ အက်သလက်တီကို မက်ဒရစ်က စိတ်ဝင်စားလာမှုနဲ့အတူ တော်ရဲရားကို ပါးတေးအတွက် အသုံးချဖို့ စီစဉ်လာခဲ့ပါတယ်။

(၂၄)နှစ်သားအရွယ် တော်ရဲရားအတွက် ပေါင် (၂၂)သန်းတန်ကြေးသတ်မှတ်ထားပြီး၊ သတ်မှတ်ပမာဏသာရခဲ့မယ်ဆိုရင် ချက်ချင်းကိုရောင်းချဖို့ အာဆင်နယ်က ပြင်ဆင်နေတာပါ။ ကွင်းလယ်မှာ ဆီဘယ်လောနဲ့ ဇာခါကိုပဲ ပွဲထွက်အတွက် အာမခံခွင့်ပေးနိုင်မယ့်အနေအထားက တော်ရဲရားကို အာဆင်နယ်ကွင်းလယ်မှာ ဆက်ထားဖို့ အစီအစဉ်မရှိတော့ပါဘူး။

တိုရီနိုကလည်း မူလက ဝယ်ယူဖို့စဉ်းစားထားပေမဲ့ တရာသီအငှားနဲ့အရင်ခေါ်ပြီးမှသာ အပြီးသတ်ဝယ်လိုတယ်လို့ ပြန်ပြောင်းကမ်းလှမ်းထားတဲ့အပေါ် အက်သလက်တီကိုဆီ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်နေပါတယ်။ တိုရီနိုက အာဆင်နယ်တောင်းဆိုတဲ့ ပမာဏ (၂၂)သန်းကို ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ပွဲထွက်နိုင်စွမ်းနဲ့ ဂိုးဖန်တီးမှု၊ အသင်းအတွက်အကျိုးပြုမှုတွေကို အငှားရာသီမှလုပ်ပြနိုင်မှသာ ဈေးပေးမယ်လို့ဆိုပါတယ်။

ဒါကြောင့် အက်သလက်နည်ပြ ဆီမြွန်နီကိုယ်တိုင် တော်ရဲရားအပြောင်းအရွှေ့အတွက် ဖုန်းဆက်လာတယ်လို့သိရပြီး၊ အလဲအထပ်ကို ဆွေးနွေးဖို့ ပြင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ အက်သလက်က ကမ်းလှမ်းနေတဲ့ အက်စပန်ညိုကစားသမား မာ့စ်ရိုကာ ပေါင် (၁၃.၇)သန်းကို မရမှသာ အပြောင်းအရွှေ့ုလုပ်ဖို့ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ တဖက်မှာလည်း ပါတေးဟာ စာချုပ်သစ်ကိုလုံးဝလက်မခံထားဘူးလို့သိရပါတယ်။

Aung Bwa – SportsGabar