ဆောက်သမ်တန် (၂-၅) စပါးပွဲမှာ ဆွန်ယောင်နဲ့ ဟယ်ရီကိန်းဘာစံချိန်တွေရခဲ့လဲ

ဟယ်ရီကိန်းက ဖန်တီးပေးတဲ့ လေးဂိုးလုံးကို ဆွန်ယောင်မင်တယောက်တည်း ဂိုးအဖြစ်ဖန်တီးပေးပြီးချိန်မှာတော့ (၅-၂)ဆိုတဲ့ ရလဒ်နဲ့စပါးတို့နိုင်ခဲ့ပါတယ်။ တကယ့်ကို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တရပ်ကို နှစ်ဦးသားပြအပြီးမှာ မော်ရင်ဟိုဟာ သူတို့ရဲ့နိုင်ပွဲကို ပြတ်ပြတ်သားသားပဲအောင်ပွဲခံနိုင်ခဲ့ပါပြီ။ စူပါဟက်ထရစ်နဲ့ စူပါဟက်ထရစ်ဖန်တီးမှု ရခဲ့တဲ့ ကစားသမားနှစ်ဦးလုံးမှာ ထူးခြားစံချိန်တွေရှိခဲ့ပါတယ်။

အခုလိုမျိုး ကစားသမားတယောက်က ကျန်တဲ့ ကစားသမားတယောက်ကို လေးဂိုးလုံးဖန်တီးပေးနိုင်တာမျိုးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ဆွန်ယောင်မင်သွင်းခဲ့တဲ့ လေးဂိုးလုံးကို တဦးတည်းဒိုင်ခံဖန်တီးခဲ့ပြီး၊ အခုလို ထူးခြားစံချိန်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ဆွန်ဟာလည်း ကစားသမားတဦးတည်းကဖန်တီးတာကို (၄)ဂိုးတိတိအဆုံးသတ်နိုင်သူဖြစ်လာခဲ့ပါတယ်။

တပွဲတည်းလေးဂိုးဖန်တီးတဲ့ မှတ်တမ်းမှာတော့ ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ရဲ့ခြောက်ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ကစားသမားတွေထဲမှာတော့ ပရီးမီးယားလိဂ်မှာ ပထမဆုံးပါ။ ပြီးခဲ့တဲ့ ရာသီက တရာသီလုံးဂိုးဖန်တီးမှု (၂)ကြိမ်ပဲ ရှိခဲ့တဲ့ ဟယ်ရီကိန်းဟာ တပွဲတည်းနဲ့တင် လေးကြိမ်အထိ ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ်။

နောက်တချက်ကတော့ ဟယ်ရီကိန်းဟာ တပွဲတည်းမှာ အသင်းနိုင်ပွဲရဲ့ငါးဂိုးတိတိကို ပတ်သက်နိုင်တဲ့ အင်္ဂလန်သားပရီးမီးယားလိဂ်ကစားသမားအဖြစ်ဒုတိယအကြိမ်ြမောက်ဖြစ်လာခဲ့ပါတယ်။ လေးကြိမ်ဖန်တီး၊ (၁)ဂိုးသွင်းနဲ့ပါ။ ပထမဆုံးတော့မဟုတ်ဘဲ အရင်ကကိုယ်တိုင်လည်း (၂၀၁၇)လက်စတာနဲ့တွေ့ချိန်မှာ (၄)ဂိုးသွင်း (၁)ကြိမ်ဖန်တီးနဲ့ပါ။

ကြားထဲမှာ လီဗာပူးကစားသမား မိုဆာလား (၄)ဂိုးသွင်း (၁)ကြိမ်ဖန်တီးထားတဲ့ မှတ်တမ်းလည်းရှိပါတယ်။ (၂၀၁၈) လီဗာပူးနဲ့ ဝက်ဖို့ဒ်ပွဲမှာဖြစ်ပါတယ်။ ထူးခြားစံချိန်တွေဖြစ်တဲ့အတွက် တော်ရုံကစားသမားမျိုးတွေလိုက်မမီမယ့် စံချိန်တွေပါ။ ဆွန်ယောင်မင်ကတော့ တပွဲတည်းလေးဂိုးသွင်းနိုင်တဲ့ ပရီးမီးယားလိဂ် (၂၈)ယောက်မြောက်ကစားသမားဖြစ်လာပြီး၊ အာရှကစားသမားအနေနဲ့ပထမဆုံးဆိုတဲ့ စံချိန်ကိုတော့ ရခဲ့ပါတယ်။

Aung Bwa – SportsGabar