ဂျိမ်းရိုဒရီဂွက်ကို သွားရှုပ်လို့ ပထမပိုင်းမှာပဲ နှစ်ယောက်ထုတ်ခံလိုက်ရတဲ့ ဝက်စ်ဘရွန်း

အဲဗာတန်နဲ့ ဝက်စ်ဘရွန်းတို့ ကစားခဲ့တဲ့ပွဲစဉ်ကတော့ (၅-၂)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ အတော်လေးကို မြိုင်ဆိုင်တဲ့ ပွဲစဉ်ဖြစ်ခဲ့ချိန်မှာ အထနှေးတဲ့ အဲဗာတန်ညာခြမ်းကြောင့် ဝက်စ်ဘရွန်းအသင်း ပထမပိုင်း ၂၅ မိနစ်လောက်အတွင်း အကောင်းဆုံးအလုပ်ဖြစ်ခဲ့ပါတယ်။ ကောင်တာတိုက်စစ်ကနေတဆင့် ဦးဆောင်ဂိုးကိုပါရခဲ့ပြီး ဘယ်ခြမ်းမှာ ခြေစွာနေတဲ့ ဒီရန်ဂနာက တကိုယ်တော်ဆွဲပြေးဂိုးသွင်းပေးခဲ့တာပါ။

ချေပဂိုးပေးလိုက်ရချိန်မှာ အဲဗာတန်တို့ တိုက်စစ်မြင့်ဖို့ပြန်ကြိုပမ်းခဲ့ပြီး၊ ဒစ်နေးရှိတဲ့ ဘယ်ခြမ်းခံစစ်ကနေ ရစ်ချာလီဆန်ကိုအားပြုကာ ဂိုးပြန်ရဖို့ အာရုံစိုက်ခဲ့ပါတယ်။ (၃၁)မှာတော့ ရစ်ချာလီဆန် ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ကလဲဗက်လေဝင်နောက်ပေါက်နဲ့ပိတ်သွင်းလိုက်ကာ ချေပဂိုးရခဲ့ပါတယ်။ ခြေမှန်သွားတဲ့ အဲဗာတန်တို့ ဦးဆောင်ဂိုးအတွက် အာရုံစိုက်ခဲ့ပြီး၊ တိုက်စစ်ထပ်မြင့်ခဲ့ပါတယ်။

တိုက်စစ်ဆင်နေရင်း ပထမပိုင်းပြီးခါနီး ၄၅ မိနစ်အရောက်မှာတော့ သေသပ်လွန်းတဲ့အဆုံးသတ်နဲ့အတူ ဂျိမ်းရိုဒရီဂွက်တယောက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဧရိ ယာထိပ်အလယ်ကနေ ဘယ်ခြေနဲ့လှလှပပအဆုံးသတ်ခဲ့တာပါ။ အဆိုပါဂိုးဝင်သွားချိန်မှာတော့ မထင်မှတ်တာတွေဖြစ်လာပါတယ်။ ဝက်စ်ဘရွန်းအသင်းဘော လုံးအပေးအယူပြန်လုပ်ချိန်မှာ ဘယ်ခြမ်းခံစစ်က ကီရန်ဂစ်တယောက် ပြဿနာစရှာပါတယ်။

အသင်းဖော်ကို ကီရန်ဂစ်ဘောလုံးပြန်ချပေးချိန်မှာ အရှိန်မထိန်းနိုင်တဲ့ ဂျိမ်းရိုဒရီဂွက်က နောက်ကအသာလေးဝင်တိုက်လိုက်ပါတယ်။ ရုတ်တရက်ဒေါသထွက်သွားတဲ့ ကီရန်ဂစ်ဘ်တယောက် ရိုဒရီဂွက်မျက်နှာကိုလက်နဲ့ပလိန်းတွန်းလိုက်ချိန်မှာ စည်းကြပ်က အလံထောင်ခဲ့ပြီး၊ ပြစ်ဒဏ်အချက်ပြလိုက်ပါတယ်။ ကွင်းလယ်ဒိုင်မိုက်ဒိန်းတယောက် ချက်ချင်းဆိုသလို ကီရန်ဂစ်ကိုအနီတိုက်ရိုက်နဲ့ထုတ်လိုက်ပါတယ်။

ပထမပိုင်းပြီးခါနီးအချိန်ပို (၂)မိနစ်အတွင်းမှာ ထုတ်ခံရတာဖြစ်တဲ့အတွက် ပွဲပြီးသွားချိန်မှာ ဝက်စ်ဘရွန်းနည်းပြ ဘီလစ်တယောက် သူ့ကစားသမားအတွက် ကွင်းလယ်ဒိုင်ကို စောဒကလိုက်တက်ခဲ့ပါတယ်။ ကွယ်လယ်ဒိုင်မိုက်ဒိန်းနောက်ကိုလိုက်စကားပြောနေရင်း မိုက်ဒိန်းက ရုတ်တရက်လှည့်ကာ အနီကတ်ပြလိုက်ပါတယ်။ နည်းပြပါထွက်သွားရပြီး၊ ဝက်စ်ဘရွန်းဟာ ရိုဒရီဂွက်ကိုသွားရှုပ်မိလို့ နှစ်ယောက်အနီပြခံလိုက်ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ အပြန်အလှန်ဂိုးသွင်းရင်း ကလဲဗက်လေဝင်တယောက် ဟက်ထရစ်အထိဂိုးရယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဘရွန်းကစားသမား ပါရဲရား ဖရီးကစ်ကနေ လှလှပပသွင်းယူပေးနိုင်ခဲ့ပေမဲ့ အသင်းရဲ့ဂိုးပြတ်ရှုံးပွဲအောက်မှာ အရာမထင်ဘဲ ဖြစ်ခဲ့ရပါတယ်။ အနီကတ်ပြခံရတဲ့ နှစ်ယောက်ကတော့ မကြာခင်မှာ ဘယ်နှစ်ပွဲပယ်ခံရမလဲကိုပဲ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

Aung Bwa – Sports_Gabar