လီဗာပူးကခေါ်လိုက်တဲ့ အယ်ကန်တာရာရဲ့ စွမ်းဆောင်ရည်အနေအထား

ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးရအပြီးမှာ အယ်ကန်တာရာတယောက် အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တနှစ်ကျန်စာချုပ်ကို သက်တမ်းမတိုးတော့ဘဲ အသင်းတွေရဲ့ကမ်းလှမ်းမှုကို လက်ခံစဉ်းစားခဲ့ကာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကိုရောက်လာခဲ့ပါတယ်။ လီဗာပူးအနေနဲ့ အယ်ကန်တာရာအတွက် ပေါင်သန်း (၂၀)တည်းသုံးကာ အသင်းကိုခေါ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရမှာ (၅)သန်းအပိုဆုကြေးပေးရမယ့် နှုန်းထားနဲံ ရောက်လာခဲ့ပေမဲ့ အယ်ကန်တာရာရဲ့ စွမ်းဆောင်ရည်ဟာ ကမ္ဘာ့အဆင့်ပါ။ အသက် (၂၉)နှစ်အရွယ် ကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ လက်ရှိဘွန်ဒက်လီဂါရဲ့အကောင်းဆုံးကစားသမားအဖြစ်ကို သတ်မှတ်လို့ရတဲ့အထိရှိနေပါတယ်။ အယ်ကန်တာရဲ့စွမ်းဆောင်ရည်ကို နှစ်ပိုင်းခွဲကြည့်ရမှာပါ။

အသင်းလိုက်စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင် အယ်ကန်တာရာဟာ အနိုင်ရမှုအများဆုံးရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ လက်ရှိဘွန်ဒက်လီဂါကစားသမားပါ။ အနိုင်ရာခိုင်နှုန်း (၇၈.၇)ရာခိုင်နှုန်းအထိရှိပြီး၊ အမြင့်ဆုံးပမာဏနဲ့ဖြစ်ပါတယ်။ အနိုင်ရလဒ်ကိုတွက်တာကတော့ အနည်းဆုံးပွဲ (၁၅၀)အထက်ကစားထားဖူးတဲ့ ကစား သမား (၁၀၂၂)ယောက်ကိုပဲ တွက်တာဖြစ်ပါတယ်။

အယ်ကန်တာရာက အဆိုပါကစားသမားတွေထဲမှာ ပွဲ(၁၅၀)မှာ နိုင်ပွဲ (၁၁၈)ပွဲနဲ့အတူ အများဆုံးပါ။ တဦးချင်းစွမ်းဆောင်ရည်မှာလည်း အယ်ကန်တာရာဟာ ထိပ်ဆုံး သုံးနေရာရှိနေပါတယ်။ ပွဲ(၁၀၀)အထက်ကစားထားတဲ့ ကစားသမားတွေထဲမှာ တပွဲချင်းပျှမ်းမျှပေးပို့မှုအကောင်းဆုံးကစားသမား (၉၀)ကြိမ်၊ တပွဲချင်း ပျှမ်းမျှထိချက်အများဆုံး ကစားသမား (၁၁၅)ကြိမ်၊ တပွဲချင်းပေးပို့မှုအောင်မြင်ဆုံး ကစားသမား (၉၁)ရာခိုင်နှုန်းနဲ့ရှိနေပါတယ်။

(၂၀၀၄-၀၅)ခုနှစ်ကစလို့ တွက်ခဲ့တဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် အရှေ့ပိုင်းကာလက ကစားသမားတွေတော့ပါမှာမဟုတ်ပါဘူး။ (၁၆)နှစ်တာကာလအတွင်း အယ်ကန်တာရာရဲ့ ပြောခဲ့တဲ့ စွမ်းဆောင်ရည်တွေဟာ ဘွန်ဒက်လီဂါမှာအမြင့်ဆုံးဖြစ်တဲ့အတွက် ပေါင်သန်း(၂၀)တည်းနဲ့ ရခဲ့တဲ့ လီဗာပူးတို့အတွက် တကယ့်ကို တန်လွန်းတဲ့ အပြောင်းအရွှေ့လို့ သတ်မှတ်ရတော့မှာပဲဖြစ်ပါတယ်။

Aung Bwa – SportsGabar