ဂါရတ်ဘေးလ်ကို ခေါ်ပြီးရင်တောင် တလလောက် ထုတ်သုံးခွင့်မရမယ့်စပါး

ရီးရဲလ်မက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်တယောက် စာချုပ်ချုပ်ဆိုတော့မှာပါ။ စပါးအသင်းနဲ့ တရာသီအငှားချုပ်ဖို့ လန်ဒန်ကိုရောက်ရှိနေပြီဖြစ်တဲ့ ကစားသမားဟာ ထရိန်နင်ကွင်းကိုတောင် လည်ပတ်ရောက်ရှိနေပါပြီ။ မကြာခင်မှာ အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဖို့ အချိန်ကိုရောက်လာတော့မယ့် ဂါရတ်ဘေးလ်ကို ပရိသတ်တွေကလည်း တခဲနက်ကြိုနေကြပါတယ်။

တနှစ်အငှားစာချုပ်အတွက် ပေါင်သန်း (၂၀)နဲ့ သဘောတူမယ့် ဘေးလ်ဟာ လက်ရှိမှာ ပြဿနာတခုရှိနေပါတယ်။ စပိန်သတင်းစာ မာကာက ဖော်ပြလိုက်တဲ့ ဘေးလ်ရဲ့ ပြဿနာက ကစားသမားဟာ စပါးအသင်းဆီကို စာချုပ်ဖို့ ရောက်လာပေမဲ့ ဒဏ်ရာပြဿနာရှိနေတယ်ဆိုတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက်တော့ အနည်းငယ် အံ့အားသင့်စရာဖြစ်ပြီး၊ ဂါရတ်ဘေးလ်ရဲ့အခြေအနေက စိတ်ဝင်စားဖို့ဖြစ်လာပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရီးရဲလ်ရဲ့ရာသီကြိုထရိန်င်တွေမှာ မပါခဲ့ပါဘူး။ ကစားသမားနဲ့ ဇီဒန်းအကြားဖြစ်နေတဲ့ ပြဿနာကြောင့် အခုလိုမပါခဲ့တာမျိုး ဖြစ်မယ်လို့ ယူဆခဲ့တာကြောင့် ဘေးလ်အခြေအနေက ပုံမှန်လို့ထင်စရာရှိခဲ့ပါတယ်။ တယောက်တည်း အသင်းရဲ့ဂျင်ထရိန်နင်မှာပဲ လေ့ကျင့်ခန်းတွေလုပ်ခဲ့ရတဲ့အတွက် ရာသီကြိုခြေစွမ်းပွဲတွေကိုလည်း ပူးပေါင်းနိုင်တာမျိုးမရှိခဲ့ပါဘူး။

စပါးနဲ့စာချုပ်ဖို့ ရောက်လာချိန်မှာတော့ အဖြေကထွက်လာခဲ့ပါတယ်။ ကစားသမားဟာ ဝေးလ်လက်ရွေးစင်အတွက် သွားကစားပေးချိန်မှာ ဒဏ်ရာရနေခဲ့တာကြောင့်ပါ။ စပါး ဆေးအဖွဲ့က စစ်ဆေးခဲ့တဲ့ရလဒ်အရ ဂါရတ်ဘေးလ်ဟာ တလလောက်ထပ်အနားယူရမယ်လို့ မာကာက ဖော်ပြထားပါတယ်။ အခုလန်ဒန်ကိုရောက်နေတဲ့အတွက် စာချုပ်ပြီးရင်တောင် တလလောက် အသင်းမှာကစားခွင့်ရဦးမှာမဟုတ်ပါဘူး။

ရာသီကြိုခြေစမ်းပွဲတွေလည်း မရှိတဲ့အတွက် ဘေးလ်ဟာ ထရိန်င်မိဖို့ အတော်လေးကြိုးစားရဦးမှာဖြစ်ပါတယ်။ အခုလို ဒဏ်ရာအခြေအနေက ဂါရတ်ဘေးလ်ကို စပါးအသင်းကပြန်စဉ်းစားသွာတာမျိုး ဖြစ်နိုင်တဲ့အပေါ် စာမချုပ်တာမျိုးတောင်ဖြစ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ ရီးရဲလ်ဟာ အခုကာလအတွင်းမှာ ဂါရတ်ဘေးလ်ရဲ့ဒဏ်ရာအတိမ်အနက်ကို ထုတ်ပြန်ပေးခဲ့တာမျိုး မရှိခဲ့တဲ့အတွက် စိုးရိမ်စရာအနေအထားပါပဲ။

Aung Bwa – SportsGabar