နံနက်ပိုင်း အားကစားသတင်းတိုများ (၁၉.၉.၂၀၂၀)

ရိုးမားအသင်းရဲ့ အသက် (၂၃)နှစ်အရွယ် ကစားသမားဖြစ်သူ ဆန်ဂစ် အန်ဒါကို လက်စတာအသင်းဟာ ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့ လက်စတာနည်းပြရော်ဂျာက အတည်ပြုလိုက်ပါတယ်။ ၈၈ ပွဲကစားထားပြီး၊ ၁၇ ဂိုးရယူပေးထားတဲ့ တူရကီလက်ရွေးစင်ကို ရိုးမားဖက်ကလည်း ရောင်းချဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

မိုင်ယာမီကိုရောက်ရှိနေခဲ့တဲ့ ဟီဂူအင်ကတော့ အပြီးသတ်စာချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းရဲ့ ဒုတိယမြောက် ဂျူဗင်တပ်ကစားသမားခေါ်ယူမှုဖြစ်လာပြီး၊ မာတွီဒီနဲ့အတူ ဟီဂူအင်ကိုပါ ယူဆောင်နိုင်ခဲ့ပါတယ်။ ဟီဂူအင်ဟာ ဂျူဗင်တပ်နဲ့စာချုပ်ကိုနှစ်ဦးသဘောတူ ဖျက်သိမ်းထားတာဖြစ်ပါတယ်။

မေဆင်ဂရင်းဝုဒ်ကို လက်ရွေးစင်အသင်းကနေ ခေါ်သုံးမှုကို ခဏအနားပေးထားဖို့ လိုတယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကစားသမားဖက်က ပြောကြားပေးလိုက်ပါတယ်။ အသင်းနဲ့အတူ ထရိန်နင်တွေပြန်ဆင်းနေပြီဖြစ်တဲ့ (၁၈)နှစ်သားဟာ ထိန်းသိမ်းမှုအပိုင်းတွေလိုအပ်သေးတယ်လို့ မှတ်ချက်ပြုပေးထားပါတယ်။

ဘယ်နောက်ခံလူအတွက် ညှိနှိုင်းနေခဲ့တဲ့ အဲလက်စ်တဲလက်စ်ကို ငါးနှစ်သဘောတူစာချုပ်နဲ့အတူ ခေါ်ယူဖို့ သဘောတူခဲ့ပြီလို့သိရပါတယ်။ (၂၇)နှစ်အရွယ် ပေါ်တိုကစားသမားအတွက် ယူနိုက်တက်တို့ ပေါင် ၂၇ သန်းအောက်ပမာဏတရပ်နဲ့ ပေးချေရလိမ့်မယ်လို့ ဆိုပါတယ်။

ထရိန်နင်ကို ရောက်လာတဲ့ ဂါရတ်ဘေးလ်တယောက်၊ လန်ဒန်ကလပ် စပါးအသင်းနဲ့အတူ စာချုပ်တော့မှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ရီဂူလွန်ကိုလည်း စပါးက စာချုပ်တော့မှာဖြစ်ပြီး၊ နှစ်ယောက်လုံးဟာ တပြိုင်တည်းစာချုပ်လာဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရှော်ကေးအသင်းတို့ကစားခဲ့တဲ့ ပွဲစဉ်မှာ (၈-ဝ) နဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ဘိုင်ယန်တို့ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပွဲဦးထွက်ကစားခဲ့ရတဲ့ ဆာနေး (၂)ကြိမ်ဖန်တီးကာ (၁)ဂိုးသွင်းခဲ့ပြီး၊ ဂနာဘရီက ဟက်ထရစ်နဲ့အတူ ဘိုင်ယန်တို့ တိုက်စစ်ပေါက်ကွဲထွက်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အယ်ကန်တာရာကိုခေါ်ယူပြီးနောက်မှာ ဝုဗ်တိုက်စစ်မှူး ဂျိုတာကိုခေါ်ယူဖို့ သဘောတူထားပြီလို့ သိရပါတယ်။ ပေါင် (၃၅)သန်း အထိပေးချေရဖို့ရှိနေပြီး၊ လီဗာပူးက ကမ်းလှမ်းလိုက်တာနဲ့ အြပောင်းအရွှေ့ တရားဝင်ဖြစ်တော့မှာ ဖြစ်ပါတယ်။

Aung Bwa – SportsGabar