ဆန်ချိုကို ယူနိုက်တက်ကိုခေါ်ယူဖို့ ရန်ပုံငွေရှာပေးနေတဲ့ ပရိသတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေဟာ သူတို့ရဲ့အဓိက ပစ်မှတ်ဒေါ့မွန်ကြယ်ပွင့် ဂျေဒင်ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဆန်ချိုကိုခေါ်ယူဖို့ ငွေကြေးအခက်အခဲဖြစ်နေတဲ့ အသင်းအတွက် ငွေကြေးရဖို့ တဖက်တလမ်းက ကူညီပေးဖို့ဆောင်ရွက်နေတာဖြစ်ပြီး၊ Gofundme လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်ကနေ အလှူငွေတွေ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။

ဂျေဒင်ဆန်ချိုကိုခေါ်ယူဖို့အတွက် ယူနိုက်တက်စာရင်းမှာ ရာသီအစကတည်းက ထိပ်ဆုံးကရှိခဲ့ပါတယ်။ အခြေအနေတွေအမျိုးမျိုးညှိနှိုင်းပြီးချိန်မှာ ပေါင် (၁၀၈)သန်းပေးရင်ရောင်းမယ်၊ မပေးရင်မရောင်းဘူးဆိုတဲ့ အချက်ပဲအဖြေထွက်လာခဲ့ပါတယ်။ ယူနိုက်တက်အတွက် အဆိုပါပမာဏဟာ အတော်လေးကို အခက်အခဲဖြစ်နေခဲ့ပြီး၊ အချိန်တွေကြာတဲ့အထိ အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။

အပြောင်းအရွှေ့က အောက်တိုဘာလ (၅)ရက်၊ ယူကေစံတော်ချိန်ည (၁၁)နာရီမှာပိတ်သိမ်းမှာဖြစ်တဲ့အတွက်(၁၈)ရက်လောက်ပဲကျန်တော့ပါတယ်။ ဒီအချိန်အတွင်းမှာ အပြောင်းအရွှေ့ဖြစ်သွားမလားကို မသိပေမဲ့ ပရိသတ်တွေကတော့ ဖြစ်စေချင်နေပါပြီ။ ဒါကြောင့် ပရဟိတတွေ၊ ငွေကြေးခက်ခဲသူတွေကို အလှူငွေပေးချင်ရင် အကြောင်းအရာနဲ့အလှူခံဌာနဖွင့်လို့ရတဲ့ Gofundme ဝက်ဘ်ဆိုက်မှာ မန်ယူပရိသတ်တဦးက စတင်လိုက်ပါတယ်။

ရည်ရွယ်ချက်က ပေါင်(၁၀၈)သန်းတန် ဆန်ချိုကိုဒေါ့မွန်ကနေ ခေါ်ဖို့လိုအပ်နေတဲ့ငွေကို ယူနိုက်တက်အတွက်စိုက်ပေးရေး ရန်ပုံငွေနဲ့ပါ။ ကယ်လီဆိုတဲ့ယူနိုက်တက်ပရိတတ်က ကိုယ်တိုင်က (၇၅)ပေါင်စတင်မတည်ထားပြီး အလှူငွေတွေကိုလက်ခံနေပါပြီ။ အလှူငွေတွေဘယ်လောက်ရမလဲကိုမသိပေမဲ့ ကစားသမားကို အသင်းကိုခေါ်ဖို့ ပရိသတ်ကိုယ်တိုင်က ငွေရှာပေးနေတာ တော်ရုံအားပေးမှုမဟုတ်တော့ပါဘူး။

ယူနိုက်ကတော့ အခုလက်ရှိအချိန်ထိ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးလျှော့ချနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ပေါင်သန်း (၈၀)ကနဦးပေးချေမှုနဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပေမဲ့ ဒေါ့မွန်ရဲ့ (၁၀၈)သန်း တောင်းဆိုချက်ကြောင့် ရှေ့ဆက်မတိုးနိုင်ဖြစ်နေဆဲပါ။ အက်ဝုက်တယောက် ဘာလုပ်သွားမလဲနဲ့ ယူနိုက်တက်ပရိသတ်တွေလိုချင်တဲ့ ဆန်ချိုကို ခေါ်ပေးသွားမလားကတော့ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။