အနီကတ်အတွက် ပွဲပယ်ပြစ်ဒဏ်ကျခံလိုက်ရပေမဲ့ တဖက်မှာလည်းပြန်စုံစမ်းခံရမယ့်နေမာ

ပီအက်စ်ဂျီရဲ့နေမာတယောက် အနီကတ်ပြစ်ဒဏ်အတွက် အဖွဲ့ချုပ်ကနေ (၂)ပွဲပယ် ပြစ်ဒဏ်ချမှတ်တာ ခံလိုက်ရပါတယ်။ မာဆေးလ်နဲ့ ပီအက်စ်ဂျီကစားခဲ့တဲ့ပွဲက နေမာ ပြခံရတဲ့ အနီကတ်အတွက် ပြစ်ဒဏ်ချမှတ်တာဖြစ်ပြီး၊ နေမာရဲ့လုပ်ရပ်ဟာ ကွင်းအတွင်းမှာ အနီကတ်နဲ့ထိုက်တန်တယ်လို့ အဖွဲ့ချုပ်က ရှင်းရှင်းလင်းလင်းယူဆခဲ့ပါတယ်။

ပြခဲ့ရတဲ့အကြောင်းက မာဆေးလ်နောက်ခံလူ အယ်ဗာရိုဂွန်ဇာလက်ရဲ့ နောက်စေ့ကို လက်နဲ့ခေါက်ခဲ့တာဖြစ်ပြီး၊ ရှုပ်ယှက်ခက်နေတဲ့အနေအထားမှာ ဒိုင်က VAR ကြည့်ကာ အရေးယူခဲ့တာဖြစ်ပါတယ်။ ကွင်းအတွင်း နေမာနဲ့ အယ်ဗာရိုတို့ ပြဿနာတက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တဲ့အပေါ် နေမာက သူအခုလိုလုပ်ခဲ့တာဟာ အယ်ဗာရိုက သူ့ကို လူမျိုးရေးခွဲခြားခဲ့တာကြောင့်လို့ စွပ်စွဲခဲ့ပါတယ်။

တဖက်မှာတော့ အယ်ဗာရိုကဘာမှမလုပ်ခဲ့ဘူးလို့ မာဆေးလ်က ပြန်လည်ချေပခဲ့ပါတယ်။ ဒါကြောင့် နေမာရဲ့ဖြစ်စဉ်ကို သီးသန့်စစ်ဆေးဖို့ လီဂူဝမ်းအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ကာ အနီကတ်အတွက် နှစ်ပွဲပယ်ပြစ်ဒဏ်ကိုချမှတ်ခဲ့ပါတယ်။ နေမာအပြင် နောက်ထပ်လေးယောက်လည်း နှစ်ဖက်အသင်းကိုယ်စီပြခံခဲ့ရတဲ့အတွက် အဖွဲ့ချုပ်က အသီးသီးပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

ရန်ပွဲကိုစခဲ့တဲ့ ပီအက်စ်ဂျီနောက်ခံလူ ကာဇာဝါကို ခြောက်ပွဲ၊ နောက်ထပ်တယောက်ဖြစ်တဲ့ ပါရီဒက်စ်ကို နှစ်ပွဲ။ မာဆေးလ်ဖက်က ဂျော်ဒန်အမာဗီကို သုံးပွဲ၊ ဘန်နီဒက်တိုကို တပွဲနဲ့ အသီးသီးပြစ်ဒဏ်တွေချမှတ်ပေးခဲ့ပါတယ်။ ပြစ်ဒဏ်တွေချမှတ်အပြီးမှာတော့ နေမာရဲ့စွပ်စွဲချက်အတွက် သီးသန့်ပြန်လည်စစ်ဆေးသွားမှာဖြစ်ပြီး၊ အယ်ဗာရိုဟာ တကယ်ပဲလူမျိုးရေးခွဲခြားခဲ့လားကို ဗီဒီယိုတွေကိုပြန်ကြည့်မှာဖြစ်ပါတယ်။

နောက်တခုက ဒီမာရီယာပါ။ တံတွေးနဲ့ပြိုင်ဘက်ကစားသမား အယ်ဗာရိုဂွန်ဇာလက်ကိုပဲ ထွေးခဲ့တဲ့ဖြစ်စဉ်အတွက် သီးသန့်အရေးယူခံရဦးမှာပါ။ ပွဲချိန်တွင်းဒိုင်မမြင်ခဲ့သလို VAR ကလည်း မကြည့်လိုက်ရတဲ့အတွက် စက်တင်ဘာ (၂၃)မှာ ပြစ်ဒဏ်ကိုသီးသန့်ကြေညာပေးမှာဖြစ်ပါတယ်။ နေမာ-အယ်ဗာရိုဂွန်ဇာလက်မှာ နေမာသာမှားခဲ့ရင်တော့ မှားယွင်းစွပ်စွဲချက်တွေနဲ့အတူ ပြစ်ဒဏ်ထပ်ကျခံရဖို့ရှိနေပါတယ်။