အသက်အကြီးဆုံးပွဲထွက်ကစားပြီး၊ အနီကတ်ပြခံရတဲ့ စံချိန်ဝင်သွားတဲ့ လီဂူဝမ်းကစားသမား

မောင့်ပယ်လီယာအသင်းရဲ့ကပ္ပတိန် ဟီလ်တန်ဒါဆေးလ်ဗားတယောက် သူများနဲ့မတူထူးခြားတဲ့ စံချိန်တခုကို လီဂူဝမ်းမှာတင်နိုင်ခဲ့ပါတယ်။ လိုင်ယွန်အသင်းနဲ့တွေ့ခဲ့တဲ့ အသင်းရဲ့ပွဲစဉ်မှာ ပွဲထွက်အဖြစ် ကပ္ပတိန်အနေနဲ့ ပါဝင်ကစားခဲ့ပြီး၊ (၂-၁)နဲ့ အနိုင်ရခဲ့ပါတယ်။ အနိုင်ရခဲ့သလို စံချိန်ကောင်းနဲ့ စံချိန်ဆိုးကိုလည်း တပြိုင်တည်း တင်နိုင်ခဲ့ပါတယ်။

လီဂူဝမ်းပွဲစဉ်မှာ ပွဲထွက်ခဲ့တဲ့ ဟီလ်တန်ဟာ အသက် (၄၃)နှစ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ပြည့်ခဲ့သူပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၄)နှစ်အတွင်း ပြင်သစ်လိဂ်မှာ ဟီလ်တန်ထက်အသက်ကြီးတဲ့ ကစားသမားတယောက်မှမရှိခဲ့ဖူးသလို အနီကတ်ပြထုတ်ခံရတဲ့ ကစားသမားမျိုးလည်း မရှိဖူးပါဘူး။ (၂၀၀၂)ကတည်းကနေ အခုထိ ဘောလုံးကစားလာတဲ့ ဟီလ်တန်ရဲ့စံချိန်က အသက်အကြီးဆုံးအနီကတ်ပြခံရသူဆိုတဲ့စံချိန်ဖြစ်ပါတယ်။

လီဂူဝမ်းမှာ အသက်အကြီးဆုံးကစားဖူးတာက ရိုဂျာကော်တိုရစ် (၁၉၅၆)ခုနှစ်မှာ (၄၄)နှစ်နဲ့ဖြစ်ပြီး၊ ဥရောပထိပ်သီးလိဂ်ငါးခုမှာ အသက်အကြီးဆုံးအနေနဲ့ စံချိန်တင်ထားတာက မာကိုဘာလော့တာ (၂၀၀)ခုနှစ်မှာ (၄၄)နှစ်နဲ့ လာဇီယိုအတွက်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဥရောပရဲ့နောက်ဆုံး (၁၂)နှစ်အတွင်းအသက်အကြီးဆုံးလည်း ဖြစ်ပါတယ်။

နှစ်ဝါတနီနဲ့ပွဲထဲမှာ အထုတ်ခံလိုက်ရချိန်မှာ လီဂူဝမ်းရဲ့အသက်အကြီးဆုံးအနီကတ်ပြခံရတဲ့ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်းရသွားပြန်ပါတယ်။ အသင်းကတော့ တဖက်ကလိုင်ယွန်ရဲ့အဓိက ကစားသမားတယောက်ဖြစ်တဲ့ ဟောက်ဆန်အော်ရာ ပထမပိုင်းပြီးကာနီးမှာအထုတ်ခံရတာကြောင့် အသာစီးနဲ့ကစားနိုင်ခဲ့ပြီး၊ (၂-၁)နဲ့ နိုင်ပွဲ တပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။

နှစ်သင်းလုံးအနီကတ်ပြခံရတဲ့အတွက် လီဂူးဝမ်းဟာ အတော်လေးကို အနီကတ်ပြကြမ်းနေပါတယ်။ (၂၀၂၀-၂၁)ရာသီအတွက် ပွဲစုစုပေါင်း (၂၈)ပွဲပဲ လီဂူးဝမ်းမှာ ကစားရသေးချိန်မှာ အနီကတ် (၂၀)အထိ ဒိုင်တွေက သုံးပြီးပါပြီ။ ပီအက်စ်ဂျီ-မာဆေးလ်ပွဲစဉ်မှာ နေမာအပါအဝင် ငါးကတ်ထိစံချိန်တင်သုံးထားပြီး၊ လီဂူးမှာ စည်းကမ်းတွေကို ပိုင်ပိုင်နိုင်နိုင်အပြစ်ပေးနေတာကို ပြသနေပါတယ်။