နံနက်ပိုင်း အားကစားသတင်းတိုများ (၁၆-၉-၂၀၂၀)

ယူနိုက်တက်နဲ့သတင်းတွေထွက်ထားတဲ့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီရယ်လစ်ရှ်ဟာ လက်ရှိမှာ ဗီလာနဲ့ငါးနှစ်သက်တမ်းရှိစာချုပ်ကိုချုပ်ဆိုသွားခဲ့ပြီလို့သိရပါတယ်။ (၂၀၂၅)အထိ ဗီလာမှာဆက်ရှိနေမှာဖြစ်ပြီး၊ စာချုပ်သစ်ကြောင့် အသင်းတွေကိုပြောင်းရွှေ့ရေးဟာ မဖြစ်နိုင်တော့ဖို့များသွားခဲ့ပြီဖြစ်ပါတယ်။

ရုရှားကလပ်ဇင်းနစ်ကနေ ထွက်ခွာလာတဲ့ (၃၆)နှစ်အရွယ် ချဲလ်ဆီးကစားသမားဟောင်း အိုင်ဗန်နိုဗစ်ကို ဝက်စ်ဘရွန်းအသင်းက တနှစ်စာချုပ်နဲ့ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ဝက်ဘရွန်းအတွက် အတော်လေးကို အတွေ့အကြုံရှိတဲ့ ကစားသမားတယောက်ကို ရလိုက်တာဖြစ်တဲ့အတွက် ခံစစ်ကို အများကြီးအထောက်အကူဖြစ်လာဖို့ရှိနေပါတယ်။

စပါးအသင်းအနေနဲ့ သူတို့ရဲ့ကစားသမားဟောင်း ဂါရတ်ဘေးလ်ကိုရီးရဲလ်ကနေ ပြန်ခေါ်ဖို့ အငှား ဒါမှမဟုတ် အပြီးသတ်ဝယ်ယူခွင့်နဲ့ဆွေးနွေးနေပြီလို့သိရပါတယ်။ အေ့ဂျင့်ကိုယ်တိုင်က ဂါရတ်ဘေးလ်ဟာ စပါးမှာပြန်ကစားချင်တယ်လို့ ဝန်ခံထားတာဖြစ်တဲ့အတွက် ရာသီမပိတ်သိမ်းခင်မှာပဲ ဘေးလ်တယောက်စပါးကိုပြန်ရောက်လာဖို့ရှိနေပါတယ်။

ဘေးလ်အပြင် ဘယ်နောက်ခံလူ ရီဂူလွန်ကိုလည်း ရီးရဲလ်ကနေ ခေါ်ယူဖို့ စပါးဟာ အပြီးသတ်ညှိနှိုင်းပြီးထားပြီလို့ ဒေးဗစ်အောစတိန်းကဆိုပါတယ်။ ရီဂူလွန်ကိုပြိုင်ဘက်အသင်းတွေကို မရောင်းချဘဲ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ စပါးကိုပဲရောင်းချဖို့ ရီးရဲလ်ကလည်း ဆုံးဖြတ်ထားပြီဖြစ်တဲ့အတွက် ပြောင်းရွှေ့ကြေးဘယ်လောက်နဲ့ဖြစ်မလဲကို စောင့်ကြည့်သွားရပါမယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းကတော့ အသင်းနဲ့အတူ (၃)နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပါတယ်။ (၂၀၂၃)အထိ ကလပ်မှာရှိနေမယ့် စာချုပ်ကို ရေးထိုးခဲ့ပြီး၊ အသင်းရဲ့ဂန္ဓဝင်ဖြစ်လာဖို့အတွက် ဘာစီလိုနာလို ကလပ်ရဲ့ကမ်းလှမ်းမှုကိုတောင် ပယ်ချခဲ့တယ်လို့ အူဘာမီယန်းကဝန်ခံခဲ့ပါတယ်။

အာဆင်နယ်၊ ဗီလာရီးရဲလ်ကွင်းလယ်လူဟောင်းဖြစ်တဲ့ ကာဇိုလာဟာ သူ့ရဲ့စပိန်အသင်းဖော် ဇာဗီကိုင်တွယ်နေတဲ့ ကာတာကလပ်အယ်ဆက်အသင်းအတွက် AFC ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းပေးခဲ့ပါတယ်။ လေးပွဲကစား ငါးဂိုးအထိရှိလာပြီဖြစ်တဲ့ ကာဇိုလာဟာ (၃၅)နှစ်ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူဖြစ်ပါတယ်။