ရီးရဲလ်မက်ဒရစ်ကိုပြောင်းဖို့ ပီအက်စ်ဂျီကိုစွန့်ခွာတော့မယ် အမ်ဘာပေ

ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ အမ်ဘာပေတယောက် ပြီးခဲ့တဲ့ရက်ပိုင်းက အံ့အားသင့်ဖွင့်ထွက်ဆိုခဲ့ပါတယ်။ အသင်းနဲ့စာချုပ်သစ်ဆွေးနွေးတာမျိုးမရှိတော့ဘဲ လက်ကျန်စာချုပ်မကုန်ခင်မှာ အနာဂတ်အတွက် ဆုံးဖြတ်သွားဖို့ ပြင်ထားပါပြီ။ ငွေကြေးတတ်နိုင်တဲ့ ဥရောပထိပ်သီးအသင်းတွေနဲ့ သတင်းတွေမျိုးစုံထွက်လာချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ပဲ ဖြစ်လာဖို့ သတင်းထွက်လာပါပြီ။

သတင်းထောက် ဂျိုးဆက် ပတ်ဒရီရို ( Josep Pedrerol ) တင်ဆက်ခဲ့တဲ့ သတင်းအရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီးပြီဆိုပါတယ်။ ဒီသတင်းထောက်က အမ်ဘာပေရဲ့သတင်းတွေကို အဓိက လိုက်နေသူဖြစ်သလို မိုနာကိုကနေ ပီအက်စ်ဂျီကို အမ်ဘာပေပြောင်းရွှေ့မယ့်အကြောင်းကိုလည်း အရင်ဆုံး အတည်ပြုနိုင်ခဲ့သူပါ။

အမ်ဘာပေရဲ့သတင်းတွေကို တိတိကျကျထုတ်ဖော်ပေးနေတဲ့ ဂျိုးဆက်ဟာ အမ်ဘာပေအနေနဲ့ ဇီဒန်းရဲ့ရီးရဲလ်မက်ဒရစ်ကို အခုနှစ်ဘောလုံးရာသီအကုန် (၂၀၂၁)မှာပြောင်းရွှေ့ဖို့ ပြင်ဆင်ထားပြီလို့သိရပါတယ်။ သူ့ရဲ့ပြင်သစ်အသင်းဖော်တွေရှိနေသလို နည်းပြဇီဒန်းလက်အောက်မှာ ကစားရမယ့်အနေအထားက အမ်ဘာပေကို အသင်းပြောင်းဖို့ ဆုံးဖြတ်ချက်ခိုင်မာစေခဲ့ပါတယ်။

စာချုပ်နှစ်နှစ်ကျန်သေးတဲ့အတွက် ပီအက်စ်ဂျီအတွက် တနှစ်ဆက်ကစားပေးဖို့ ဆုံးဖြတ်ထားပြီး၊ လက်ကျန်တနှစ်ကျန်ချိန်မှာ ရီးရဲလ်မက်ဒရစ်ကို သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှာပါ။ ဒါကြောင်း ပြောင်းရွှေ့ကြေးဟာ ပီအက်စ်ဂျီမိုနာကိုကို ပေးခဲ့ရတုန်းက ပြောင်းရွှေ့ကြေးထက်တော့ လျော့နည်းမှာဖြစ်ပါတယ်။

ရီးရဲလ်က ဒီအပြောင်းအရွှေ့မှာ အမ်ဘာပေကို အာမခံထားပေးတာရှိပါသေးတယ်။ ပြင်သစ်အသင်းဖော် အူပါမီကာနိုကိုလည်း ရီးရဲလ်ရဲ့ကြယ်စင်စုတခေတ်ပြန်ဆောက်မယ့် ကဏ္ဍမှာခေါ်ယူပေးမယ်ဆိုတာပါ။ ပီအက်စ်ဂျီအနေနဲ့ ပြောင်းရွှေ့ကြေးဘယ်လောက်အထိ တောင်းဆိုမလဲနဲ့ အမ်ဘာပေအပြောင်းအရွှေ့ဟာ ချောချောမွေ့မွေ့ဖြစ်လာမလားကို ဒီနှစ်ရာသီအကုန်မှာ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။