ပရိသတ်ကဆဲလို့ စင်ပေါ်တက်ထိုးပေမဲ့ နားရင်းပြန်အုပ်ခံလိုက်ရတဲ့ ကစားသမား

ကစားသမားဆိုပေမဲ့ မဟုတ်မမှန်တဲ့ပုံစံနဲ့ ကွင်းထဲမှာပြုမူမယ်ဆိုရင် ပရိသတ်က ပြန်တုံ့ပြန်ဖို့ဆုံးဖြတ်ထားပြီဆိုတာကို ဟမ်းဘတ်ပွဲကသက်သေပြနေပါတယ်။ ပရိသတ် (၁)သောင်းကျော်ရှေ့မှာ အရှက်ကွဲခဲ့တဲ့လုပ်ရပ်ကိုလုပ်ခဲ့တဲ့ ကစားသမားအနေနဲ့ အခုဖြစ်ရပ်ကြောင့် သက်ဆိုင်ရာကအရေးယူမယူတော့မသိပါဘူး။ သေချာတာကတော့ ကွင်းထဲမှာတင်ပဲ နားရင်းပြန်အုပ်ခံခဲ့ရပါပြီ။

ဒိုင်နမို ဒရက်ဆန်နဲ့ ဟမ်းဘတ်တို့ ကစားခဲ့တဲ့ပွဲမှာ ဟမ်းဘတ်ဟာ (၄-၁)နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဂျာမန်လိဂ်ပွဲစဉ်တွေမှာ ပထမဆုံးအကြိမ်အနေနဲ့ ပရိသတ်ကို ပြန်ဝင်ခွင့်ပေးထားတဲ့ ပွဲစဉ်တွေထဲမှာ ဟမ်းဘတ်ပွဲက ပရိသတ်အများဆုံးအဖြစ်ဝင်ခွင့်ရခဲ့ပါတယ်။ လော့ဒေါင်းတွေစတဲ့ မတ်ချ်လပြီးကတည်းကနေ အခုထိ ပရိသတ် (၁၀၀၅၃)ကျော်ထိ ပြန်ဝင်ခွင့်ရတဲ့ ထိပ်သီးလိဂ်ငါးခုက ပထမဆုံးပွဲပါပဲ။

ပွဲပြီးချိန်မှာ အသင်းတွေဟာ ထုံးစံအတိုင်းအင်တာဗျူးတွေကို ဖြေနေရပါတယ်။ ဟမ်းဘတ်ကစားသမား တိုနီ လီရက်နာတယောက်လည်း ကွင်းဘေးမှာပဲ အင်တာဗျူးနေပါတယ်။ ရုတ်တရက်ဆိုသလို စင်ပေါ်ကိုပြေးတက်သွားပြီး၊ ပရိသတ်တယောက်ကို သွားတွန်းကာ ထိုးဖို့ဟန်ပြင်ခဲ့ပါတယ်။ ဘေးကပရိသတ်တွေက ဝိုင်းဆွဲပေးရင် ကာပေးခဲ့ကာ ပြဿနာမဖြစ်ဖို့ လူခွဲခဲ့ပါတယ်။

လူခွဲနေချိန်မှာပဲ ရန်ရှာခံရတဲ့ပရိသတ်ရဲ့သူငယ်ချင်းဖြစ်ပုံရတဲ့ ပရိသတ်အမျိုးသားက လက်တဖက်ထွက်လာပြီး၊ နားရင်းအုပ်လိုက်ပါတယ်။ ဘာဖြစ်သွားမှန်းမသိသွားပေမဲ့ လုံခြုံရေးတွေက အောက်ကိုဆွဲရင်းပြန်လာခဲ့ချိန်မှာတော့ တိုနီတယောက် သူပဲခံပြီးပြန်ထွက်လာရပါတယ်။ အဖြစ်အပျက်က ဆိုရှယ်မီဒီယာမှာ ပျံ့သွားခဲ့ပြီး၊ တိုနီ လီရက်နာရဲ့လုပ်ရပ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ပါတယ်။

တိုနီကလည်း သူမှားကြောင်း အင်စတာဂရမ်မှာတောင်းပန်ခဲ့ကာ ပွဲရှုံးသွားတဲ့ခံစားချက်တွေနဲ့ စိတ်မထိန်းနိုင်ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အခုလိုတက်ပြီးရန်ရှာခဲ့ရတဲ့အကြောင်းကို မသိပေမဲ့ ပရိသတ်ဟာ စင်ပေါ်ကနေ တိုနီရဲ့ကစားပုံကို အသုံးမကျတဲ့စကားလုံးတွေနဲ့ပြောနေခဲ့တယ်လို့ အဖြစ်အပျက်ကို တွေ့ခဲ့တဲ့ပရိသတ်တွေက ပြန်ရှင်းပြခဲ့ပါတယ်။ အခုလိုပရိသတ်ကို တက်ရန်ရှာဖူးတာဟာ စပါးကစားသမား အဲရစ်ဒိုင်ယာလည်းရှိပြီး၊ ပေါင်(၄)သောင်းအထိ ဒဏ်ငွေချမှတ်ခံခဲ့တာမျိုးလည်း သာဓကရှိထားပါတယ်။