အခက်အခဲဖြစ်နေတာကို အကြောင်းထပ်ပြပြီး၊ မက်ဆီကို ကမ်းလှမ်းမှုလုပ်သွားမယ့် ဘာတိုမြူ

မက်ဆီအသင်းမှာတနှစ်ဆက်နေဖို့ ဆုံးဖြတ်လိုက်တာမှ မကြာသေးပါဘူး။ အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ဖြုတ်ပေးချင်စိတ်ပေါက်သွားမယ့် ကမ်းလှမ်းမှုတခုကို ဥက္ကဌ ဘာတိုမြူဟာ မကြာခင်မှာလုပ်သွားဖို့ရှိနေပါတယ်။ စပိန်နိုင်ငံရဲ့ပြည်တွင်း တီဗီချန်နယ်တခုဖြစ်တဲ့ Cuatro ကနေ မက်ဆီ-ဘာတိုမြူအကြား လက်ရှိမှာ ဖြစ်နေတဲ့ကိစ္စရပ်တွေကို အရှိန်ထပ်မြင့်ဖို့လုပ်ဆောင်လာနိုင်တယ်လို့ဆိုပါတယ်။

(၃၃)နှစ်သားဟာ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။ ဘာတိုမြူရဲ့အလွတ်ထွက်ခွင့်မပေးနိုင်တဲ့အချက်အပြင် စာချုပ်ပါပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၀ ကို ပေးမှထွက်ခွင့်ရမယ်ဆိုတဲ့အချက်ကြောင့် အသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် လစာနှုန်းထားက ပုံမှန်ရနေတဲ့အတိုင်း မပြောင်းမလဲတည်ရှိတာဖြစ်တဲ့အတွက် ဘာစီလိုနာရဲ့လခအများဆုံးဖြစ်နေမှာပါ။

Cuatro ရဲ့တင်ပြချက်အရ မက်ဆီဟာ လစာ၊ ရုပ်ပုံအသုံးပြုခ၊ ဘောနပ်ကိစ္စတွေအကုန်လုံးပေါင်းပြီး၊ တပတ်ကို ပေါင် (၉၈၈၀၀၀)အထိရနေတယ်ဆိုပါတယ်။ ဘာတိုမြူက ဒီပမာဏကိုလျှော့ချဖို့ မက်ဆီကိုလစာလျှော့ယူဖို့တောင်းဆိုသွားမှာဖြစ်တဲ့အပြင် ကလပ်ရဲ့ဘဏ္ဍာရေးအကြောင်းပြချက်နဲ့ လျှော့ချဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

ဒီအချက်က မက်ဆီအတွက် အတော်လေးခံပြင်းရခက်စေမှာပါ။ ဘာတိုမြူရဲ့လုပ်ဆောင်ချက်တွေက ကစားသမားကို အသင်းမှာဆက်မနေဖို့ပိုပြီး တွန်းအားပေးလာဖို့ရှိနေပါတယ်။ တကယ်သာ သတင်းထွက်နေတဲ့အတိုင်းတောင်းဆိုခဲ့ရင်တော့ မက်ဆီအနေနဲ့ လက်ခံသွားဖို့မရှိဘဲ ဘာတိုမြူရဲ့ကမ်းလှမ်းချက်ကို ပယ်ချဖို့ ရာခိုင်နှုန်းများနေပါတယ်။

မက်ဆီရဲ့လစာပမာဏဟာ ဘာစီလိုနာအတွက်အမြင့်ဆုံးမှာရှိနေသလို ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ်အတွက်လည်း ဝင်ငွေအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ရင် ကိုဗစ်ကာလအတွင်း ထိခိုက်မှုတွေက မက်ဆီရဲ့ပိုက်ဆံဝင်တဲ့ပမာဏကို လျှော့ချနိုင်စွမ်းမရှိဖြစ်ခဲ့ပါတယ်။ အကယ်လို့ ဘာတိုမြူသာ တောင်းဆိုခဲ့ရင်တော့ စာချုပ်သစ်ကိစ္စရပ်ဟာ လုံးဝကိုလမ်းမမြင်ဖို့ ဖြစ်သွားနိုင်ပါတယ်။