နေမာအတွက် အသင်းက အပြည့်အဝရပ်တည်သွားမယ်လို့ဆိုလိုက်တဲ့ ပီအက်စ်ဂျီ

မာဆေးလ်နဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ မာဆေးလ်နောက်ခံလူ အယ်ဗာရိုဂွန်ဇာလက်ရဲ့ နောက်စေ့ကိုလက်နဲ့ခေါက်ခဲ့တာကြောင့် နေမာတယောက်အနီကတ်ထိခဲ့ပါတယ်။ နေမာက ပွဲအပြီးမှာ အခုလိုလုပ်ခဲ့ရတာဟာ သူ့အနေနဲ့ လူမျိုးရေးခွဲခြားခံရလို့ဖြစ်ပြီး၊ အနီကတ်ပြခံရမယ်မှန်းသာသိရင် မျက်နှာကိုတည့်တည့်ထိုးခဲ့မှာလို့ တွစ်တာမှာတင်ပြီး၊ ပေါက်ကွဲခဲ့ပါတယ်။

ပွဲချိန်အတွင်းလူမျိုးရေးခွဲခြားခံရခဲ့သလားကိုတော့ မသိရပေမဲ့ မာဆေးလ်အသင်းဖက်ကနေ သူတို့ရဲ့ကစားသမားဟာ လုံးဝမလုပ်ခဲ့ပါဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အသင်းနှစ်သင်းကြား ပြဿနာတွေဖြစ်နေပြီး၊ ပီအက်စ်ဂျီက နေမာဖက်ကနေ အပြည့်အဝရပ်တည်မယ့် သူတို့ရဲ့သဘောထားကို ဆိုရှယ်မီဒီယာကနေ တဆင့်အခုလို ထုတ်ပြန်ခဲ့ပါတယ်။

” လူမှုပတ်ဝန်းကျင်မှာ လူမျိုးရေးခွဲခြားတာတွေအတွက် နေရာမရှိပါဘူး။ ဘောလုံး ဒါမှမဟုတ် ကျွန်တော်တို့ဘဝတွေမှာပဲဖြစ်ဖြစ်ပါ။ ပြင်သစ်အစိုးရရဲ့ LFP စည်ကမ်းထိန်းသိမ်းရေးဆိုင်ရာ ကော်မရှင်က စုံစမ်းနေပြီဖြစ်သလို အချက်အလက်တွေကို သေချာအောင်လေ့လာနေပါပြီ။ ကလပ်ဖက်က LFP လိုအပ်တဲ့ ဘယ်လိုလုပ်ဆောင်ချက်မဆိုထောက်ပံ့ဖို့ပဲရှိပါတော့တယ်” လို့ ရေးသားခဲ့ပါတယ်။

တဖက်က မာဆေးလ်ကတည်း သူတို့ရဲ့ကစားသမားနဲ့ပတ်သက်လို့ ချက်ချင်းပြန်ထုတ်ပြန်ခဲ့ပါတယ်။ ” အယ်ဗာရိုဂွန်ဇာလက်ဟာ လူမျိုးရေးခွဲခြားသူမဟုတ်ပါဘူး။ ကလပ်ကိုစရောက်လာကတည်းက သူ့ရဲ့စိတ်ထားကို နေ့တိုင်းလိုလို ကျွန်တော်တို့ကို ထုတ်ဖော်ပြသထားခဲ့သူပါ။ ဘာလို့လဲဆိုတော့ သူ့အသင်းဖော်တွေက စမ်းသပ်ခဲ့ပြီးပါပြီ” လို့ ကစားသမားဖက်က ကာကွယ်ပေးခဲ့ပါတယ်။

ရုပ်သံအနှေးပြကွက်တွေနဲ့ အားကစားမီဒီယာတချို့ရဲ့ခန့်မှန်းချက်မှာတော့ ဂွန်ဇာလက်ဟာ ” Dirty Monkey ” လို့ ပြောခဲ့တဲ့ ပါးစပ်လှုပ်အမူအရာရှိခဲ့တယ်လို့ ထောက်ပြထားပါတယ်။ နေမာကိုယ်တိုင်ကလည်း ပွဲချိန်အတွင်းမှာ လူမျိုးရေးခွဲခြားခံနေရတယ်လို့ ဒိုင်ကို VAR ကြည့်ဖို့ တောင်းဆိုခဲ့တာရှိတဲ့အတွက် ဘယ်သူမှားလဲ၊ မှန်လဲက စိတ်ဝင်စားဖို့ကောင်းနေပြီး၊ တယောက်ယောက်က ကျိန်းသေအရေယူခံရဖို့ရှိနေပြီဖြစ်ပါတယ်။