အသင်းကြီးတွေပွဲချောင်နေတဲ့ကာရာဘာအိုဖလားကွာတားဖိုင်နယ်

ကာရာဘာအိုဖလားခေါ် ကျွဲစိမ်းဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်တွေကတော့ တော်တော်လေးကို အကြိတ်အနယ်ရှိပြီး၊ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ ကြည့်ကောင်းခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးအသင်းတွေ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သလို အခြားပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ ဗီလာ၊ လက်စတာ၊ အဲဗာတန်နဲ့ လိဂ်ဝမ်းကလပ် အောက်စ်ဖို့ယူနိုက်တက်၊ လိဂ်တူးကလပ် ကိုလ်ချက်စတာအသင်းတွေလည်း နောက်ဆုံး(၈)သင်းမှာပါဝင်လာခဲ့ပါတယ်။ ကွာတားဖိုင်နယ်ရဲ့အကောင်းဆုံးပွဲအဖြစ် လက်စတာနဲ့အဲဗာတန်အသင်းတို့ကတော့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

လိဂ်တူးက အသင်းငယ်လေး ကိုလ်ချက်စတာကတော့ ကံဆိုးတယ်လို့ပြောရမှာဖြစ်ပြီး၊ ချဲလ်ဆီးကိုကျော်ဖြတ်လာတဲ့ မန်ယူနိုက်တက်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်သလို ကန်ရမယ့်နေရာကလည်း အိုးထရက်ဖို့ကွင်းကြီးထဲမှာဖြစ်နေပါတယ်။ ထို့အတူပဲ လိဂ်ဝမ်းကလပ်အောက်စဖို့အသင်းကလည်း လက်ရှိချန်ပီယံမန်စီးတီးအသင်းနဲ့ တွေ့ဆုံနေတာဖြစ်လို့ ဒီလောက်နဲ့ပဲကျေနပ်ရမယ့်ကိန်းဆိုက်နေပြီး၊ အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ရမှာက သူတို့အတွက် တစ်ခုတည်းသောအားသာချက်ဖြစ်လာမှာပါ။

အာဆင်နယ်ကိုပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ ကစားရခက်တဲ့ ဝုဖ်လိုအသင်းကို ကျော်ဖြတ်လာတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာအသင်းနဲ့ထိပ်တိုက်တွေ့နေပြီး၊ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် ထင်သလောက်လွယ်ကူမှာတော့မဟုတ်ပါဘူး။

ကျွဲစိမ်းဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပြီး၊ ဒီကာလဟာဆိုရင် ပရီးမီးယားလိဂ်ရဲ့ပွဲကြပ်ကာလတစ်ခုလည်းဖြစ်နေတဲ့အတွက် အသင်းကြီးတွေအနေနဲ့ လိုတာထက်ပိုပြီး ခက်ခဲမှုတွေ ကြုံရဦးမှာကတော့ သေချာနေပါတယ်။

လူညိုချော@SportsGabar

Unicode






