လုခ္မက္သီဆင္အတြက္ဇန္နဝါရီမွာစစ္ခင္းၾကမယ့္မန္ခ်က္စတာႏွစ္သင္း

မန္ခ်က္စတာျမိဳ႕ခံျပိဳင္ဘက္ေတြျဖစ္ၾကတဲ့ မန္ယူႏိုက္တက္အသင္းနဲ႔မန္စီးတီးအသင္းတို႔ဟာ ေရာ့ခ်္ဒဲလ္အသင္းရဲ႕လူငယ္ခံစစ္မွဴး လုခ္မက္သီဆင္အတြက္ ဇန္နဝါရီေစ်းကြက္မွာ ထိပ္တိုက္ေတြ႔ၾကပါေတာ့မယ္။

အသက္(၁၇)ႏွစ္သာရွိေသးတဲ့ မက္သီဆင္ဟာ ျပီးခဲ့တဲ့လက ကစားခဲ့တဲ့ ကာရာဘာအိုဖလားပြဲစဥ္မွာ ယူႏိုက္တက္ဘက္ကို ဂိုးသြင္းယူႏိုင္ခဲ့ျပီးေနာက္ နည္းျပဆိုးလ္ရွားက သူ႔ကို သတိျပဳမိခဲ့တာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္က ပင္နယ္တီအဆံုးအျဖတ္နဲ႔အႏိုင္ရသြားတဲ့ ဒီပြဲစဥ္မွာ မက္သီဆင္ဟာ ေရာ့ခ်္ဒဲလ္အတြက္ ေျခပဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ျပီး၊ အိုးထရက္ဖို႔ကြင္းၾကီးမွာကစားရတဲ့ခံစားခ်က္ကို ဖြင့္ဟထားပါတယ္။ မက္သီဆင္က-

” ကြ်န္ေတာ္ရိုးရိုးသားသားေျပာရရင္ ဒီေလာက္ပရိသတ္ေတြအမ်ားၾကီးရွိတဲ့ ေနရာမွာ တစ္ခါမွ မကစားခဲ့ဖူးဘူး၊ အိုးထရက္ဖို႔ကြင္းၾကီးထဲမွာ ကစားခြင့္ရခဲ့တာက ကြ်န္ေတာ္ရဲ႕အိပ္မက္ေတြ အမွန္တစ္ကယ္ျဖစ္လာတာပါပဲ၊ ဂိုးပါသြင္းႏိုင္ခဲ့တယ္ဆိုေတာ့ အတိုင္းထက္အလြန္ပဲေပါ့ဗ်ာ “လို႔ေျပာသြားတာပါ။

ဒီအဂၤလန္ ယူ-၁၈ လက္ေရြးစင္ကစားသမားေလးကို မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာကလည္း ေခၚယူဖို႔ မ်က္စိက်ေနတယ္လို႔သိရပါတယ္။ ဒါေၾကာင့္ ေရာ့ခ်္ဒဲလ္အသင္းအေနနဲ႔ ဇန္နဝါရီေစ်းကြက္ဖြင့္ရင္္ မက္သီဆင္ကို မန္ခ်က္စတာႏွစ္သင္းအနက္ ဘယ္အသင္းထံ ေရာင္းရမလဲဆိုတာ ေခါင္းစားရေတာ့မွာပါ။

မက္သီဆင္ဟာ အသက္(၁၅)ႏွစ္္အရြယ္မွာ ေရာ့ခ်္ဒဲလ္အသင္းအတြက္ စတင္ပြဲထြက္ခဲ့ျပီး၊ အသင္းသမိုင္းတစ္ေလ်ာက္အသက္အငယ္ဆံုး ညာေနာက္ခံလူအျဖစ္မွတ္တမ္းဝင္ခဲ့သလို သူ႔ရဲ႕ပြဲဦးထြက္မွာပဲ အေကာင္းဆံုး ကစားသမားဆုကိုပါ ရရွိခဲ့ပါေသးတယ္။ သူ႔ရဲ႕လက္ရွိတန္ေၾကးက ေပါင္(၁၀)သန္းရွိျပီး အသက္မျပည့္ေသးတဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ မ်ားျပားလြန္းတဲ့ တန္ေၾကးဆိုေပမဲ့ ေျခစြမ္းနဲ႔ယွဥ္ၾကည့္လိုက္ရင္ေတာ့ နည္းေတာင္ နည္းေနေသးတယ္လို႔ ဆိုရမွာပါ။

လူညိဳေခ်ာ@SportsGabar

Unicode

လုခ်မက်သီဆင်အတွက်ဇန်နဝါရီမှာစစ်ခင်းကြမယ့်မန်ချက်စတာနှစ်သင်း

မန်ချက်စတာမြို့ခံပြိုင်ဘက်တွေဖြစ်ကြတဲ့ မန်ယူနိုက်တက်အသင်းနဲ့မန်စီးတီးအသင်းတို့ဟာ ရော့ချ်ဒဲလ်အသင်းရဲ့လူငယ်ခံစစ်မှူး လုခ်မက်သီဆင်အတွက် ဇန်နဝါရီဈေးကွက်မှာ ထိပ်တိုက်တွေ့ကြပါတော့မယ်။

အသက်(၁၇)နှစ်သာရှိသေးတဲ့ မက်သီဆင်ဟာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ကာရာဘာအိုဖလားပွဲစဉ်မှာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားက သူ့ကို သတိပြုမိခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်က ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရသွားတဲ့ ဒီပွဲစဉ်မှာ မက်သီဆင်ဟာ ရော့ချ်ဒဲလ်အတွက် ခြေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ အိုးထရက်ဖို့ကွင်းကြီးမှာကစားရတဲ့ခံစားချက်ကို ဖွင့်ဟထားပါတယ်။ မက်သီဆင်က-

” ကျွန်တော်ရိုးရိုးသားသားပြောရရင် ဒီလောက်ပရိသတ်တွေအများကြီးရှိတဲ့ နေရာမှာ တစ်ခါမှ မကစားခဲ့ဖူးဘူး၊ အိုးထရက်ဖို့ကွင်းကြီးထဲမှာ ကစားခွင့်ရခဲ့တာက ကျွန်တော်ရဲ့အိပ်မက်တွေ အမှန်တစ်ကယ်ဖြစ်လာတာပါပဲ၊ ဂိုးပါသွင်းနိုင်ခဲ့တယ်ဆိုတော့ အတိုင်းထက်အလွန်ပဲပေါ့ဗျာ “လို့ပြောသွားတာပါ။

ဒီအင်္ဂလန် ယူ-၁၈ လက်ရွေးစင်ကစားသမားလေးကို မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကလည်း ခေါ်ယူဖို့ မျက်စိကျနေတယ်လို့သိရပါတယ်။ ဒါကြောင့် ရော့ချ်ဒဲလ်အသင်းအနေနဲ့ ဇန်နဝါရီဈေးကွက်ဖွင့်ရင် မက်သီဆင်ကို မန်ချက်စတာနှစ်သင်းအနက် ဘယ်အသင်းထံ ရောင်းရမလဲဆိုတာ ခေါင်းစားရတော့မှာပါ။

မက်သီဆင်ဟာ အသက်(၁၅)နှစ်အရွယ်မှာ ရော့ချ်ဒဲလ်အသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး၊ အသင်းသမိုင်းတစ်လျောက်အသက်အငယ်ဆုံး ညာနောက်ခံလူအဖြစ်မှတ်တမ်းဝင်ခဲ့သလို သူ့ရဲ့ပွဲဦးထွက်မှာပဲ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါသေးတယ်။ သူ့ရဲ့လက်ရှိတန်ကြေးက ပေါင်(၁၀)သန်းရှိပြီး အသက်မပြည့်သေးတဲ့ ကစားသမားတစ်ယောက်အနေနဲ့ များပြားလွန်းတဲ့ တန်ကြေးဆိုပေမဲ့ ခြေစွမ်းနဲ့ယှဉ်ကြည့်လိုက်ရင်တော့ နည်းတောင် နည်းနေသေးတယ်လို့ ဆိုရမှာပါ။

လူညိုချော@SportsGabar